Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်မုန်တိုင်းဟာ ရွှေ ၁၆ ပိဿာကျော် တရားမဝင်ထုတ်ယူပြီး တပ်ဖွဲ့ထံ ပြန်မအပ်လို့ဖမ်းဆီးရတာဟု NUG ကာကွယ်ရေး ရှင်းလင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

ဇွန် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ရှင်းလင်းပါတယ်။

ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့လို့ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တင်ပြချက်များအရ စစ်ဆင်ရေးနှင့် စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်း၏ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနှင့်အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအားလည်း အပြစ်ပေး အရေးယူခဲ့ပါသည်”လို့ NUG ကာကွယ်ရေးက အရေးယူမှု ဖြစ်စဉ်အစကို ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပေမယ့် အဲဒီကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့ကြောင်း၊ အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော် မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့ရဲ့ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့ကြောင်း အသိပေးပါတယ်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်ရဲ့ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပြစ်ဒဏ်ချခြင်းအပြင် MDY PDF ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ ရဲဘော်မုန်တိုင်းဟာ စစ်ရေးဌာနကြီးရဲ့ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီးဟာ ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။

” ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုတွင် အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်၌ ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့သည့်အပြင် စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးထားသည် ဆိုသည့်အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေသည့် တပ်ဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှု ယန္တရား များတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်သော ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရဲဘော်မုန်တိုင်းဟာ ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းမှာ ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရလို့ ၂၀၂၅ မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်း စစ်ဆေးခဲ့ရာ ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းအမျိုးမျိုး ရှိသည့်အနက် ရွှေလုပ်ငန်းကိုသာ အဓိကဦးစားပေး စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စာရင်းစစ် ရလဒ်များအရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးဟာ တပ်ဖွဲ့ပိုင် ရွှေ ၁၆ဒသမ ၆ ပိဿာအား တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။

အဲဒီလို ထုတ်ယူတာကို ကာယကံရှင် ၂ဦးက ၂၀၂၅ ဩဂုတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပြစ်မှုအတွက် ပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးက ကတိပြုခဲ့ပေမယ့် ကျခံရမည့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲခဲ့ရုံမျှမက ရွှေ ၁၆ ပိဿာကျော်ကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ခြင်းမရှိဟု ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးအရေးကြီးနေတဲ့ ကာလအတွင်းတွင် ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံခြင်း၊ ချမှတ်ထားသော မူဝါဒနဲ့ လုပ်ငန်းစဉ်များကို မလိုက်နာခြင်း၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေတဲ့ အပြောအဆို အပြုအမူများနဲ့ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ရပ်များ လုပ်ဆောင်ခဲ့တာကို အထင်အရှား တွေ့ရှိခဲ့ရပြီး ဒါတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဟု ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကာယကံရှင်နှစ်ဦးဟာပြစ်မှုများကို တခုပေါ်တခု ဆင့်ကာ ကျူးလွန် တဲ့ အနေအထား ဖြစ်လာလို့ သာမန်တပ်တွင်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု အဆင့်ကို ကျော်လွန်ကာ ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် PDF စစ်ရုံးချုပ်ထံတင်ပြကာ နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ နှစ်ဦးအား ကနဦးအရေးယူမှုအနေဖြင့် နှစ်ဦးစလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ ၎င်းတို့ နှစ်ဦးစလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော် နိုင်ကြီးတို့ (၂)ဦးအား ကနဦးအရေးယူမှုပြုလုပ်နေတဲ့ အချိန်မှာ MDY PDF တပ်ရင်းတပ်ဖွဲ့များအနေဖြင့် မတ္တရာ၊ စဉ့်ကူး စစ်ဂွင် များမှ တပ်များအဆင့်ဆင့်ဆုတ်ခွာပြီး ခွာစစ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် အထက်ပါ ကိစ္စတွေကို ကိုင်တွယ်ဖို့ အဖွဲ့ဝင် ၅ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့ပြီး အခုနှစ်ဇန်နဝါရီ ၁၁ရက်ကနေ မေလ ၂၉ ရက်နေ့အထိ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူများအပါအဝင် သက်သေစုစုပေါင်း (၂၀) ဦးတို့အား စုံစမ်းစစ်ဆေး ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စုံစမ်းစစ်ဆေးနေစဉ်အတွင်း ထွက်ဆိုချက်များနဲ့ တွေ့ရှိချက်များအရ ထပ်မံစုံစမ်း စစ်ဆေးရန် ကိစ္စရပ်အများအပြား ပေါ်ပေါက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

စုံစမ်းရေး ခုံရုံးအနေနဲ့ ဆက်လက်စစ်ဆေးဖို့ လိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ မေ ၂၉ရက်မှာ ကြားဖြတ်အစီရင်ခံစာ တင်ပြခဲ့ရာ အစီရင်ခံတွေ့ရှိချက်တွေ ၈ချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ယခင်ဖွဲ့စည်းပုံတွင် ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိသော်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်၍ တဦးတည်း စီမံဆောင်ရွက်ခဲ့တာ၊ ရဲဘော်မုန်တိုင်းနဲ့ လူမှုရေးဖောက်ပြန်မှု ပြုခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ)ဘဏ္ဍာရေးဌာနရဲ့ ဌာနမှူးဖြစ်နေတာ စတဲ့ အချက်တွေ ပါတယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၂၅ ဖေဖော်ဝါရီမှာ တပ်ဖွဲ့ဖွဲ့စည်းပုံ ပြောင်းလဲချိန်မှာ လွှဲပြောင်းပေးရမည့် ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများရဲ့ Hard Copyနဲ့ Soft Copy များအား ရဲဘော်မုန်တိုင်းမှ ဖျက်ဆီးစေခဲ့ကြောင်း အသိပေးထားပါတယ်။

ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားတဲ့ ရွှေ ၁၆ ဒသမ၆ ပိဿာကို သူတို့ နှစ်ဦးအား အရေးယူတဲ့ အချိန်အထိ တာဝန်ယူသူတွေကို ပြန်လည်အပ်နှံမှု မရှိတာ၊ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူတဲ့ ကာလမှာ ရဲဘော်မုန်တိုင်းရဲ့ တာဝန်ထမ်းဆောင်ဆဲ ကာလမဟုတ်ဘဲ ၎င်းအား လူမှုရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကာလမှာ ဖြစ်နေတာ စတဲ့ အချက်တွေလည်း ကြားဖြတ် အစီရခံစာမှာ ဖော်ပြထားပါတယ်။

လုပ်ထုံးလုပ်နည်းအရ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာများကို ဘဏ္ဍာစီမံ ဌာနကြီးသို့ အပ်နှံရမည်၊ သုံးစွဲရမည့် ကိစ္စရပ်များကို ဗဟိုဦးဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက် သို့မဟုတ် ဘဏ္ဍာရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ သုံးစွဲရမည် ဖြစ်ပေမယ့် ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးဟာ သူ့ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံသို့ ထုတ်ပေး လိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာငွေအားလုံးကို ဘဏ္ဍာစီမံဌာနကြီးသို့ အလုံးစုံအပ်နှံခြင်းမရှိဘဲ အကြောင်းကိစ္စတခုခုအတွက် သုံးစွဲရန်ရှိတာကို ထုတ်ယူ ထားပြီးမှ ကျန်သည့်ငွေ၊ ဘဏ္ဍာကိုသာ ဘဏ္ဍာစီမံဌာနကြီးသို့ အပ်နှံတဲ့အတွက် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတြ့ ငွေကြေး၊ ဘဏ္ဍာအားလုံး ဘဏ္ဍာစီမံဌာနကြီးသို့ ဝင်ရောက်ခြင်းမရှိတာ စိစစ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ပါတယ်။

၂၀၂၅ မေလမှာ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ရဲ့ စာရင်းစစ် အစီရင်ခံစာဟာ ရွှေလုပ်ငန်းတခုတည်းကိုသာ လွှမ်းခြုံမှုရှိခဲ့တဲ့အတွက် လုပ်ငန်း အရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊ တရားဝင်/တရားမဝင်ထုတ်ယူငွေ၊ သုံးစွဲငွေအားလုံးကို စာရင်းစိစစ်ပြုစုရန်လိုအပ်တာကိုလည်း ထောက်ပြထားပါတယ်။

ဒီလို အချက်တွေကြောင့် ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် အပါအဝင် အဆင့်ဆင့်သော တိုင်းစစ်ဌာနများ၊ ဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ ကိစ္စအဝဝကို ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်လုပ်ငန်းစဉ်များနဲ့ အညီ ဖြစ်စေဖို့ ထိန်းကျောင်းကြပ်မတ်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးက ကိုမုန်တိုင်းအဖမ်းခံရမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာနဲ့ အမေးအဖြေကဏ္ဍမှာ ရှင်းပြခဲ့ရာ ရွှေ ၁၆ ပိဿာကျော်ကို လုပ်ထုံးလုပ်နည်းကျော်လွန်ထုတ်ယူတဲ့အပေါ် စီအီးစီက ပြန်အပ်နှံရန် ပြောကြားခဲ့ကြောင်း၊ ကိုမုန်တိုင်းတို့ဘက်က ဖြေရှင်းချက်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်းလုပ်ဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

” ဒါတွေက လုပ်ငန်းတခု လုပ်ဖို့အတွက် ကျနော်တို့ ထုတ်ပြောလို့တော့ မရဘူးပေါ့နော်။ လုပ်ငန်းတခုလုပ်ဖို့အတွက် ERO ဒေသတခုမှာ အပ်ထားတယ်။ ကိုယ်ကျိုးအတွက် အသုံးပြုထားတာ မရှိပါဘူးဆိုပြီးတော့ တဖက်ကလည်း ဖြေရှင်းချက်ပေးတဲ့ဟာကြောင့်မို့၊ သို့ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို အသိမပေးဘဲနဲ့ ထုတ်ယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါတွေကို ပြန်အပ်ပါ အဲဒီအတွက်လည်း ပြစ်ဒဏ်က အချုပ်ပြစ်ဒဏ် လေးလဆိုပြီး တော့ ချမှတ်ထားတာရှိပါတယ်။” လို့ ကိုဖြိုးက ပြောပြပါတယ်။

ဒါပေမဲ့ အဲဒီကာလ စစ်ဆင်ရေးမှာ ကိုမုန်တိုင်းက တာဝန်ယူလုပ်ဆောင်နေရတာ၊ ပြင်ဆင်နေတဲ့ စစ်ပွဲရဲ့ ပြောင်းလဲလာတဲ့ နည်းပညာကိစ္စရပ်တွေ ပြင်ဆင်နေချိန် အလုပ်ရှုပ်နေလို့ ပြန်အပ်ဖို့ရန် နှောင့်နှေးသွားတာလို့ ကိုဖြိုးက ပြောပါတယ်။

တပ်ဖွဲ့တွင်း ဖြေရှင်းရမယ့်ကိစ္စကို NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်အထိ ရောက်သွားရတာကို မသိရသလို ကိုယ့်လူအချင်းချင်း အင်အားသုံးဖမ်းဆီးမယ်လို့ မထင်ထားကြောင်း ကိုဖြိုးက ပြောပါတယ်။

“ အဲဒီမှာလည်း နံပတ်တစ်ကတော့ ရွှေကိစ္စလို့ ဆိုပေမယ့် ဆုတ်ခွာရေး အစီအမံမှာ သဘောထား ကွဲလွဲတဲ့ ကိစ္စ ရှိခဲ့ပြီး ကိုမုန်တိုင်းဘက်က သဘောထား တင်းမာခဲ့ကြောင်း၊ အဲဒီလို ဆုတ်ခွာရေးအစီအမံမှာ သဘောထား ကွဲလွဲပြီး နောက်ဆက်တွဲကိစ္စရပ်တွေထိ ဖြစ်တယ်လို့ ယူဆကြောင်း ကိုဖြိုးက မြန်မာနောင်းကို ဖြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။