ဇွန်-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ဒေသခံ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
နမခပတ်ဝန်းကျင်မှာ မုံရွာ၊အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့နယ်တွေရှိနေတာပါ။အဲဒီမြို့နယ်တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းတွေထိုးခဲ့တာကြောင့် လနဲ့ချီပြီး စစ်ရေးတင်းမာနေပါတယ်။
“နမခရဲ့ ပတ်ပတ်လည်ကို ဒီကောင်တွေ ပိုအားထည့်နေတယ်။ အင်အားတော်တော်သုံးထားတယ်။ရွာတွေဖျက်၊ မြို့ဖျက်လုပ်နေတာပါ” လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေက ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဇွန်လဆန်းပိုင်းအတွင်း ချောင်းဦးမြို့မှာအဆုံးရွာဆုံးအခြေအနေဖြစ်နေပြီး ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေအနီး စစ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် အိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။သက်ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံ ခြောက်ဦးကိုလည်းသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
ချောင်းဦးမြို့နယ်က ဆင်မြေ၊မှန်ချို၊ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို စစ်တပ်က ဇွန်လဆန်းမှာ ကားတွေနဲ့ ချောင်းဦးမြို့ ၊ထွေအုပ်ရုံးထဲကို ခိုးယူသယ်ယူပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၆ ဦးထက်မနည်းကိုပါသတ်ဖြတ်သွားတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။
ဒါ့အပြင် ဘုတလင်မြို့နယ်၊အ ရှေ့မြောက်ခြမ်းကို စစ်တပ်က ဇွန် လ ၁၂ ရက် နေ့လယ်မှာလေယာဉ် ၇စီးနဲ့ဗုံးကြဲခဲ့တာကြောင့်တော်လှန်ရေးရဲဘော်၁ဦး ကျဆုံးကာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ဇွန် ၁၁ရက်မှာ စစ်တပ်က ကင်းထောက်လေယာဥ်နဲ့ ထောက်လှမ်းပြီး ဇွန် ၁၂ ရက်မှာ စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာပါ။
ကနီ နဲ့ အရာတော်မြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့မေလမှာ မြေပြင်ကနေစစ်ကြောင်းထိုးပြီး လေကြောင်းကနေဗုံးကြဲလို့အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒေသခံတွေဟာ တောင်ယာတွေနဲ့ စစ်ကြောင်းနဲ့ဝေးတဲ့နေရာတွေမှာတိမ်းရှောင်နေရတာ သုံးလကျော်လာပြီဖြစ်ပါတယ်။
“နမခဘေးက တနယ်လုံးမှာစစ်ရှောင်နေရတာ သုံးသောင်း၊ လေးသောင်းမကဘူး။ စစ်ကြောင်းတွေက ရက်ရက်စက်စက်သတ်ဖြတ်တာဆိုတော့ လွတ်အောင်ပြေးနေကြရတာ”လို့ ကနီမြို့ခံတစ်ဦးကပြောပါတယ်။
ချောင်းဦးမြို့ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ဧပြီလမှာ ဘုတလင်မြို့ကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပြီး တော်လှန်ရေးတပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာသွားတဲ့စစ်ကြောင်းဖြစ်ပါတယ်။
“အခုရောက်နေတဲ့စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေအများကြီးပါတယ်။ အဲ့ဒီပစ တွေက တိုက်ပွဲမှာထိပြီဆိုတာနဲ့ သွေးရူးသွေးတန်းပြေးတာပဲ။လက်နက်ချအလင်းဝင်တာတွေလည်းရှိတယ်။ဒါပေမယ့် အရပ်သားတွေကိုစီးနင်းတိုက်ခိုက်ရာမှာတော့ တော်တော်သွေးဆာတဲ့ကောင်တွေဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်ရက်စက်စက်ကျူးလွန်တာတွေများတယ်”လို့ ချောင်းမြို့က တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တိုက်ပွဲသတင်းတွေကိုတော်လှန်ရေးတပ်တွေကအသေးစိတ်မထုတ်ပြန်ပေမယ့် စစ်ရေးတင်းမာနေတဲ့အနေအထားတွေကြောင့် ဒေသခံတွေ လုံခြုံရေးသတိရှိကြဖို့နဲ့၊ စစ်တပ်စစ်ကြောင်းနဲ့ဝေးရာမှာနေထိုင်ကြဖို့သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကနေ ဇွန်လအထိ နှစ်လခန့်အတွင်း အထင်ရှားဆုံးတိုက်ပွဲကတော့ ဘုတလင်းမြို့နဲ့ဆက်စပ်နေတဲ့စိုင်ပြင်မြို့ထဲကရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကဦးဆောင်ပြီး Operation OTT စစ်ဆင်ရေးအဖြစ် မေလ၁၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး မေလ၁၆ရက်မနက်မှာ အပြီးသတ်သိမ်းပိုက် ဖျက်ဆီးခဲ့တာပါ။
Operation OTT စစ်ဆင်ရေးဆိုတာက ၂၀၂၅ မေလ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကိုတပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားကျောင်းသူနဲ့ဆရာမ စုစုပေါင်း ၃၀ နီးပါးသေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စစ် ဆင်ရေးပြန်လည်ဖော်ဆောင်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနသတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်မှာ စုစုပေါင်းတိုင်းစစ်ဌာနချုပ်၁၄ခုရှိပါတယ်။ ရခိုင်ပြည်နယ်မှာအခြေစိုက်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိထိန်းချုပ်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၅ ဧပြီလမှာတော့ တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ MNDAAက မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ လားရှိုးမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးလိုက်လို့ လက်ရှိမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာရှိသလို ကာကင်းစခန်းတွေကိုလည်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ MNDAAနဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရမခ ကိုသိမ်းယူတဲ့တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
MNDAAက စစ်တပ်ထံပြန်လည်လွှဲအပ်ပြီးနောက်ပိုင်း နမခတိုင်းမှူးအနေနဲ့ စစ်တပ်ကပြန်ခန့်ထားတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ နမခ ဘေးပတ်ဝန်းကျင်က မြို့တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅အောက်တိုဘာလ၆ရက်နေ့(သီတင်းကျွတ်လပြည့်ည)က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေက ဘုရားကို ဆီမီးကပ်ရင်း ဆီမီးသပိတ်ပြုလုပ်နေတာကို နမခက တက်လာတဲ့ စက်တပ်လေထီးဗုံးကြဲခဲ့လို့ ကလေးငယ်တွေပါဝင်အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပါတယ်။


















































