Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

ဇွန်-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာစစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်တာဖြစ်ပြီး ဆိုင်းတောင်ကကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာနေထိုင်သူ ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” မသာတွေကဗျူဟာကုန်းကနေ လက်သရမ်းပြီး ပစ်နေတာ။ မိမဆုံးမ၊ ဖမဆုံးမတွေ”လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။

ဖားကန့်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်

သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကျောက်စိမ်းတွင်း‌ တူးဖော်ခွင့်တွေ၊ ဓားပြတိုက်လူသတ်တာတွေကို ခွင့်ပြုပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်သားတွေနဲ့အတူစစ်တပ်လက်​အောက်ခံ-SNA၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအင်အားထောင်ချီရှိနေပြီး ၎င်းတို့တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။ ယခုရက်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အရပ်သားနေထိုင်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။

“SNAနဲ့ပြည်သူ့စစ်တွေကစစ်တပ်နဲ့ပေါင်းပြီး တရားလွန်ကျူးလွန်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့စစ်ကြောင်းလှုပ်ရှားရာနေရာတစ်လျှောက်မှာ ဓားပြတိုက်လုယက်တာတွေလည်းကျူးလွန်နေလို့ ဖားကန့်ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဇွန်လ ၁၆ရက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ ဓားပြအဖွဲ့ကို KIA၊KPDFက ဖမ်းဆီးခဲ့ပေမယ့် ဓားပြတိုက်မှုတွေဆက်ဖြစ်နေပါတယ်။

ဖားကန့်ဒေသမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်က လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး တွေအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ဇွန်လ ၁၈ရက်ညပိုင်းကလည်းဖားကန့်မြို့နယ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသေးစိတ်ကိုမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်က တိုက်ပွဲတွေမှာဆိုရင် စစ်တပ်ဟာ အရပ်သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်