Connect with us

Hi, what are you looking for?

သတင်း

အထိနာနေတဲ့ စစ်တပ်က စစ်တွေဒကစနဲ့ တပ်ရင်းတွေအနီးက ရွာတွေဖျက်ပြီး ခံစစ်ပြင်နေ

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

(စစ်တွေမြို့ ကမ်းနားလမ်းမှာ စစ်တပ် ဆောက်ထားတဲ့ ဘန်ကာတစ်ခုကို‌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၂၀၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ ဒကစဌာနချုပ်အနီးရှိ တောကန်ရွာ၊ ကျားမသောက်တပ်ရင်းအနီးရှိ ကျားမသောက်ရွာ၊ ကျောက်တန်း ချေရွာ၊ ပါဒလိတ်တပ်ရင်းအနီးရှိ ကြွီတဲရွာ၊ ကျောက်တန်းကြီးကျေးရွာတို့မှ အရပ်သားနေအိမ်တွေကို ဖျက်ဆီးပြီး အဲဒီနေရာတွေမှာ ဆက်သွယ်ရေးမြောင်းတူး၊ ဘန်ကောက်တွေဆောက်၊ ခံစစ်အနေအထားပြင်နေတာပါ။

“ ရွာတွေမှာ လူတော့ မရှိတော့ဘူး။ တိုက်ပွဲစဖြစ်ကတည်းက စစ်တပ်က နှင်ထုတ်ထားလို့ အကုန်ပြေးနေကြရတာ။ အိမ်တွေကို ဒီအတိုင်း ပစ္စည်းအပြည့်နဲ့ ထားခဲ့ကြရတာပါ။ အဲဒါတွေ ထုတ်ရောင်းတယ်။ အိမ်ကို ဖြိုတယ်၊ သစ်တွေ ရောင်းတယ်။ တချို့ကို ဘန်ကာဆောက်တာမှာ သုံးတယ်။ တရွာလုံးမကျန်အောင် ဖျက်ဆီးနေကြတယ်”လို့ စစ်တပ်က နှင်ထုတ်လို့ ထွက်ပြေးနေရတဲ့ ကြွီတဲကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်တွေမြို့အနီးပတ်လည်ရှိ လူနေကျေးရွာပေါင်း ၂၀ ဝန်းကျင်ကို အင်အားသုံးဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီး၊ အကြမ်းဖက်နှင်ထုတ်ခဲ့တာပါ။ အဲဒီကတည်းက ကျေးရွာတွေမှာ စစ်စခန်းချနေခဲ့တာဖြစ်ပေမယ့် အခုရက်ပိုင်းမှာတော့ စခန်းတွေ တိုးဆောက်၊ ခံစစ်အနေအ ထားပြင်ဆင်နေတာလို့ ဆိုပါတယ်။

“လူတရပ်လောက်နက်တဲ့ မြောင်းတွေ ရွာပတ်လည်မှာ တူးနေကြတယ်။ ပြီးရင် ဘန်ကာတွေလည်း ဆောက်တယ်။ အင်အားလည်း ဖြည့်ထားတယ်။ ကျားမသောက်တို့၊ ကျောက်တန်းတို့မှာဆိုရင် အိမ်မကျန်သလောက်ဖြစ်သွားပြီ။ တိုက်ပွဲဖြစ်နေတော့ ကြောက်ပြီး လုပ်နေကြတာ” လို့ AA နဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီလို လူနေကျေးရွာတွေက အရပ်သားနေအိမ်တွေကို ဖျက်ဆီးပြီး စခန်းတွေတိုးချနေသလို စစ်တွေမြို့ပေါ် ကတပ်ရင်း တွေကနေလည်း အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

“မြို့ထဲက စစ်ကားတွေ လူအပြည့်နဲ့ အပြင်ထွက်နေတာ တွေ့တယ်။ သင်္ဘောဆိပ်ကနေ ကားနဲ့တင်နေတာ။ လက် နက်တွေရော ပါမယ်ထင်တယ်၊ အထဲကိုက မမြင်ရဘူးလေ။ စစ်သားတွေက ဘယ်ကလာတဲ့စစ်သားတွေဆိုတာ တော့ မသိဘူး။ သင်္ဘောနဲ့ တင်ကြတာ” လို့ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ စစ်တွေမြို့သိမ်းထိုးစစ်ဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစ စစ်တွေ)နဲ့အနီးဆုံးရှိ နာရီကန်ကျေးရွာနား၊ တောကန်၊ ကျားမသောက်ကျေးရွာဝန်းကျင်တို့ထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြတာပါ။

လက်ရှိမှာ စစ်တွေ – ရန်ကုန်ပြည်ထောင်စုလမ်းမအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေပါတယ်။

အဲဒီမြေပြင်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးတွေရှိနေသလို လက်နက် ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့်လည်း အရာရှိတွေအပါအဝင် တပ်သားတွေထိခိုက်၊ သေဆုံးမှုရှိတယ်လို့ စစ်ရေးနီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ ဒကစဌာနချုပ်နဲ့ တပ်ရင်းတွေအနီးထိ ရောက်လာပြီး အထိနာနေတာကြောင့် အခုလိုမျိုး ရှေ့တန်းကာ ကင်းစခန်းတွေကို အင်အားဖြည့်တင်း၊ စခန်းတိုးချဲ့နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက်ရှိ ရသေ့တောင်၊ မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊ အရှေ့ ဘက်ရှိ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AA ဟာ စစ်တွေ၊ ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝမှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကို လည်း ဟောက်ဝစ်ဇာတွေနဲ့ လှမ်းပစ်နေပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက်က စစ်တပ်သင်္ဘော ၁စီး ထိမှန်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တို့အတွင်းမှ လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသ ခံတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို မထွန်ကြရဘဲ စစ်ဘေးရှောင်ဘ၀နဲ့ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် စစ်တွေမြို့အနီးပတ်လည်မှာ တိုက်ပွဲတွေဖြစ်နေချိန် စစ်တွေမြို့ထဲမှာလည်း ည ကိုးနာရီကနေ မနက် လေးနာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေကာ စစ်ရှောင်တွေ၊ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်