Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကာလ၆လအတွင်း စစ်တပ်ကပြည်သူ ၇၀၀ ကျော်ကိုသတ်ဖြတ်ခဲ့​ကြောင်း ကုလသမဂ္ဂ​ပြော

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

(ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗိုလ်ကာတာ့ခ်။ဓါတ်ပုံ-UN )

ဇွန်-၂၄၊၂၀၂၆။People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

ဇွန်လ၂၂ ရက်နေ့ကထုတ်ပြန်တဲ့ OHCHR အစီရင်ခံစာမှာတော့၂၀၂၅ ခုနှစ်ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အတောအတွင်း စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို ဖော်ပြထားပါတယ်။ အဲဒီ ၆ လတာဟာ စစ်တပ်က စိတ်တိုင်းကျ ခြယ်လှယ်စီစဉ်ပြီး အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အနီးတဝိုက် အချိန်ကာလတွေ ဖြစ်ပါတယ်။

မှတ်တမ်းတင်ထားတဲ့၆လကြာကာလအပိုင်းအခြားအတွင်း မြန်မာနိုင်ငံ အနှံ့မှာ စစ်တပ်ရဲ့ အမျိုးမျိုးသော ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရပ်သားပြည်သူ ၇၀၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့​ဖော်ပြပါတယ်။ အဲဒီထဲမှာ ၂၂၄ ဦးက အမျိုးသမီးတွေဖြစ်ပြီး ၁၅၃ ဦးက ကလေးငယ်တွေပါ။

Public Service Announcement

Public Service Announcement

အရပ်သားသေဆုံးမှုတွေမှာအဓိကအကျဆုံး အကြောင်းရင်းကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ဂျိုင်ရိုကော်ပတာတွေ၊ ပါရာမော်တာတွေ အသုံးပြုပြီး ဗုံးကြဲတာတွေကြောင့် ၆ လအတွင်းအရပ်သား ၅၀၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁၇၅ ဦးနဲ့ ကလေး ၁၁၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသဖြစ်ခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သား ၇၀၂ ဦးထဲက ၅၇၃ ဦးဟာ ရခိုင်ဒေသခံတွေလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ သေဆုံးသူ ၁၉၁ ဦး ရှိခဲ့ပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့တာပါ။

ရွေးကောက်ပွဲနဲ့ ဆက်စပ် ကာလတွေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပင်တာတွေ၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက် ရန်လိုမှုတွေက ပိုမို ဆိုးရွားလာခဲ့ကြောင်းလည်း OHCHR အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ အင်တာနက် ဖြတ်တောက်မှု၊ အသွားအလာ ကန့်သတ် ပိတ်ပင်မှုတွေအပြင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေ အခက်အခဲတွေကြောင့် မှတ်တမ်းတင်မှုတွေမှာ အခက်အခဲတွေ ရှိခဲ့ပြီး ဒီအရေအတွက်ဟာ မြေပြင် အခြေအနေမှန်ထက် အများကြီး လျော့နည်းနေနိုင်သေးကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို ခါးစည်းခံနေရရုံသာမကဘဲလူသားချင်းစာနာမှု အထောက်အပံ့တွေ လျော့နည်းသွားမှုကြောင့်ပါ ပိုပြီး ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံနေရကြောင်း OHCHR အစီရင်ခံစာက ဖော်ပြထားခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က မြန်မာပြည်သူတွေဟာ ပြင်ပကမ္ဘာကြီးက အဆက်အသွယ်ဖြတ် မေ့လျော့ထားခြင်းကို ခံနေရကြောင်း ပြောကြားသွားပါတယ်။

ဒါအပြင်OHCHRအစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မျိုးနွယ်တွေဟာ အာရက္ခတပ်တော် (AA)ရဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို ကြုံတွေ့နေရတယ်လို့လည်း ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

တက်ခ်ကတော့မြန်မာ့ပြည်တွင်းပဋိပက္ခမှာ အရပ်သားပြည်သူတွေ၊ ပြီးတော့ ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ဒုက္ခသည် စခန်းတွေ အပါအဝင် အရပ်ဖက် အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်

ခိုက်မှုတွေ အားလုံး ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။ပြီးတော့အကူအညီတွေလိုအပ်နေတဲ့မြန်မာပြည်သူတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအထောက်အပံ့ လမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး အတွက်လည်း သူက တိုက်တွန်းသွားပါတယ်။

ကိုးကား- The Nation, OHCHR

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။