Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ငလျင်ကြီးနှစ်ခုကြောင့် ၃၂ ဦးထက်မနည်း သေဆုံး၊ အသေအပျောက် တိုးလာဖွယ်ရှိနေ

ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်ကြီး နှစ်ခုဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိလာပြီး နောက်ထပ်လည်း အများအပြား တိုးလာမှာကို စိုးရိမ်နေရပါတယ်။

ဓာတ်ပုံ - Reuters

ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်ကြီး နှစ်ခုဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိလာပြီး နောက်ထပ်လည်း အများအပြား တိုးလာမှာကို စိုးရိမ်နေရပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက ဗင်နီဇွဲလား မြောက်ပိုင်း ကမ်းရိုးတန်းနားမှာ စက္ကန့် ၄၀ လောက်ပဲခြားပြီး မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ အဆင့် ငလျင်ကြီးတွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို ငလျင်တွေရဲ့ ဗဟိုချက်နဲ့ ကီလိုမီတာ ၁၆၀ လောက် ဝေးတဲ့ မြို့တော် ကရာကက်စ်မှာလည်း အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ကြီးတွေအတွင်း ပြိုကျသွားတဲ့ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ညလုံးပေါက် အပူတပြင်း ရှာဖွေနေကြပါတယ်။ မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် နေ့လယ် ၂ နာရီခွဲလောက်ထိ အခြေအနေအရ သေဆုံးသူ ၃၂ ဦးထိ အတည်ပြုထားပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ အများအပြား ရှိသလို ငလျင်ကြီးတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ကုန်ပြီး ထိခိုက်သေကြေမှု အသေးစိတ် အခြေအနေကို စုံစမ်းဖို့ ခက်ခဲနေပါတယ်။ အခုလို ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်ကြီးနှစ်ခု ဆက်တိုက် လှုပ်ခတ်ခြင်းက လူအသေအပျောက် သိန်းဂဏန်းထိတောင် ရောက်ရှိသွားနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က ငလျင်ကြီးတွေကြောင့် လူ့အသက်အိုးအိမ်တွေ ဆုံးရှုံးရတာဟာ နိုင်ငံတော်အဆင့် ထိခိုက်မှုကြီး တစ်ခုအဖြစ် ကြေညာခဲ့သလို ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို နေ့မအား ညမနား အပူတပြင်း လိုက်ရှာနေကြောင်းလည်း ပြောပါတယ်။

ငလျင်ကြီးတွေအပြီး ဗင်နီဇွဲလားဆီ နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီ တချို့လည်း စတင် ဆိုက်ရောက်လာပါတယ်။ လက်တင် အမေရိက ဒေသတွင်း နိုင်ငံတချို့က အကူအညီတွေ ပေးပို့ဖို့ ကမ်းလှမ်းထားသလို အမေရိကန်ကလည်း လူသားချင်း စာနာမှုနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဗင်နီဇွဲလားကို ကူညီဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

ငလျင်နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေတွေကို ဆန်းစစ်ရာမှာလည်း ဗင်နီဇွဲလား အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။

ငလျင်ကြောင့် လူနေအိမ်တွေ၊ ရုံးတွေသာ မကဘဲ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေပါ ပျက်စီးခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ အကြီးဆုံး လေဆိပ်ဖြစ်တဲ့ မိုင်ကျူတီရာမှာလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ခရီးစဉ်တွေကို ဆိုင်းငံ့ထားစေခဲ့ရပါတယ်။ ကရာဆက်စ်မှာတော့ ဆေးရုံ ဆေးခန်းတွေမှာ အရေးပေါ် အခြေအနေ ကြေညာပြီး ခွင့်ယူထားတဲ့၊ နားရက်ရထားတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကို အလုပ်လာပြန်ဆင်းဖို့ ချက်ချင်း ဆင့်ခေါ်ထားပါတယ်။

ကနဦး စစ်ဆေးမှုတွေ အရတော့ ကမ္ဘာပေါ်မှာ ရေနံအရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားရဲ့ ရေနံတွင်း အများစုကတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗင်နီဇွဲလား နိုင်ငံရဲ့ အောက်ဖက်မှာ ကာရေဘီယန် ကျောက်သားလွှာကြီးနဲ့ တောင်အမေရိက ကျောက်သားလွှာတို့ ထိစပ်နေပြီး အဲဒီ အလွှာနှစ်ခုရဲ့ ပွတ်တိုက်မှုတွေကြောင့် ငလျင်အန္တရာယ် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေပါတယ်။ အရင်ကလည်း ဗင်နီဇွဲလားမှာ ဆိုးရွားတဲ့ ငလျင်တွေကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ ၁၈၁၂ တုန်းက အခု ငလျင်နှစ်ခု လှုပ်ခတ်တဲ့ နေရာတဝိုက်မှာပဲ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးတစ်ခု လှုပ်ခဲ့ဖူးပြီး သေဆုံးသူ ၂၀၀၀၀ ဝန်းကျင်လောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမြေပုံကို အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို့ အညွှန်းစာရေးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ ဗင်နီဇွဲလား သမ္မတဟောင်း နစ်ကိုလက်စ် မာဒူရိုရဲ့ ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပေမယ့်လည်း အမေရိကန် တရားသူကြီး တစ်ဦးက ငြင်းဆန်ခဲ့ပါတယ်။