ဇွန်-၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ထားနိုင်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ရဲဘော်တွေနဲ့ မဟာမိတ်တွေကို လေးစားဂုဏ်ယူကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို ထိုးစစ်ဆင်လာမှု ၁လနီးပါး ပြည့်တဲ့လာတဲ့အချိန်မှာ ဆလိုင်းယောမာန်က စစ်တပ်ထိုးစစ်ခုခံနေတဲ့ ရဲဘော်တွေအတွက် လူမှုကွန်ရက်ကတဆင့် အခုလို ဂုဏ်ပြုခဲ့တာပါ။ စစ်တပ်ဟာ မေလကုန်ပိုင်းမှာ မင်းတပ်ကို ထိုးစစ်ဆင်ခဲ့သလို မေလလယ်လောက်ကစပြီး ကန်ပက်လက်ကို ထိုးစစ်ဆင်နေတာပါ။
စစ်တပ်ဟာ ထိုးစစ်စကတည်းက မြေပြင်မှာ စစ်အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ အပြင်းအထန်သုံးထိုးစစ်ဆင်နေတာဖြစ်ပေမယ့် CPU/CPA ပူးပေါင်းတပ်က စစ်တပ်ထိုးစစ်ကို ဟန့်တားထားနိုင်ဆဲဖြစ်ပါတယ်။

Public Service Announcement
“တိုက်လေယာဉ်သံနဲ့နိုးလေကြောင်းသံကြား အလုပ်လုပ် လေကြောင်းသံကြား ထမင်းစား ဗုံးကြဲသံကြား ပြေးလွှားပုန်းအောင်း တခါတလေ စိတ်ပင်ပန်းလွန်းရင် လေယာဉ်လာလည်း ဂရုမစိုက် ကိုယ်လုပ်စရာရှိတာ လုပ် လေယာဉ်သံကြားထဲ ဘယ်အချိန်အိပ်ရာဝင်မှန်းမသိ အိပ်ရာဝင်ရတဲ့ကာလတွေပါပဲ” လို့ ဆလိုင်းယောမာန်က ဒေသတွင်း လတ်တလော စစ်ရေးအခြေအနေ တစွန်းတစကို အသိပေးပါတယ်။
စစ်တပ် ထိုးစစ်အစမှာ ဝါဒဖြန့်သူတွေက မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ပြီ။ ကန်ပက်လက်မြို့အတွင်းဝင်နိုင်ပြီ စတဲ့ဝါဒဖြန့်မှုတွေ လုပ်ဆောင်ခဲ့တာကိုလည်း ဆလိုင်းယောမာန်က အခုလို ရှင်းပြပါတယ်။
” လွန်ခဲ့တဲ့လကပဲ သူတို့ တစ်ရက်၊ နှစ်ရက်အတွင်း ဒီမြို့တွေထဲ ခွေးအလံလွှင့်မယ် ပြောခဲ့ပြီး…မလွှင့်နိုင်တာ အားလုံးအသိ။မြေပြင်မှာ ကျနော်တို့ ရဲဘော်တွေ၊ မဟာမိတ်တွေ အကောင်းဆုံး ကြိုးစားအားထုတ်ကြတယ်။ ပိုမိုစုစည်း ကျစ်လစ်လာကြတယ်။အင်မတန်လေးစားဂုဏ်ယူစရာရပါတယ်။ ဒီမျိုးဆက်ဟာ ဘိုးဘွားပိုင်မြေကို အရဲရင့်ဆုံး ကာကွယ်နေကြတယ်။ လာပါ.. အတူရုန်းကြမယ်။ ဒီမတရားစစ်မိစ္ဆာတွေကို မောင်းထုတ်ကြမယ်။ ကိုယ့်မြေကိုယ်ရေ ကိုယ့်အနာဂတ်ကို ကာကွယ်ကြမယ်။ လူငယ်တွေကို ဒီ့ထက်ပိုပံ့ပိုးနိုင်အောင် အားထုတ်ကြရမယ်။ အားလုံးအတွက် ကောင်းမွန်မှန်ကန်တဲ့ အနာဂတ်ကို ဖန်တီးကြမယ်”လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ စစ်မျက်နှာကို တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ နေ့စဉ် အကြိမ်ပေါင်းများစွာ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုလို လေကြောင်း အပြင်းအထန် သုံးတိုက်ခိုက်နေတာဟာ စစ်တပ်ဟာ တိုက်ပွဲတွေမှာ အထိနာနေလို့ ဖြစ်နိုင်ပြီး မြို့တွေကိုလည်း အမြန်ဆုံးပြန်ရလိုတာကြောင့် ဖြစ်တယ်လို့ မင်းတပ်ဒေသခံက သုံးသပ်ပါတယ်။
ချင်းပြည်သူ့အစည်းအရုံးကတော့ တိုက်ပွဲသတင်းအသေးစိတ် အခြေအနေတွေ ထုတ်ပြန်တာ မပြုလုပ်ပေမဲ့ ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ အစွမ်းကုန် ကြိုးပမ်းမယ်လို့ အသိပေးထားသလို ချင်းတောင်ပိုင်းဟာ စစ်တပ်ထိုးစစ် တပ်လန်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းအများဆုံးဖြစ်လို့ ၀ိုင်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။


















































