Connect with us

Hi, what are you looking for?

သတင်း

ဂွမြို့နယ်ကို စစ်တပ် ဗုံးထပ်ကြဲ၊ အရပ်သား ၆ ဦး ဒဏ်ရာရ

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ

(စစ်တပ်က ကျိန္တလီမြို့နယ် ဗုံးကြဲမှုအတွင်း အပျက်အစီးတွေ။ ဓာတ်ပုံ - APM)

ဇွန်-၂၇၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော်လူနေကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးထက်မနည်း ဒဏ်ရာရတယ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ရေကျော်ရွာရှိ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ ပေါင် ၅၀၀ ဗုံး ၁လုံး၊ ပေါင် ၃၀၀ ဗုံး ၁လုံးကြဲချကာ ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်မှာတော့ ကျိန္တလီမြို့ ပေါ် အမှတ်(၂)ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂လုံး ထပ်မံကြဲချခဲ့တာပါ။

“လေယာဉ်က ခေါင်းပေါ်ကနေ ပျံသွားတာ။ အနိမ့်လေးပျံတာ အသံကြားကတည်းက လန့်နေကြပြီ။ ပထမတ ခေါက်ချတော့ ဒီကို မချတော့ဘူး၊ ပြန်တော့မယ်ထင်နေတာ။ ခဏနေတော့ ကျိန္တလီမြို့ကိုပါ လာချသွားတယ်” လို့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဗုံးကြဲခဲ့တဲ့ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် ရေကျော်ရွာက အသက်(၁၀)နှစ်အရွယ် မောင်ထက်မြတ်သူ၊ (၁၃)နှစ်အရွယ် မဆုမြတ်မွန်၊ (၃၅)နှစ် အရွယ် ဦးဆန်းမင်း၊ (၇၅)နှစ်အရွယ် ဦးဖိုးနီ၊ (၄၅)နှစ်အရွယ် ဦးဝေရာမင်းနဲ့ ကျိန္တလီမြို့မှ (၁၈)နှစ်အရွယ် မဟေမာန်ခင်တို့ ထိခိုက်ဒဏ်ရာရသွားခဲ့တာပါ။

ဒါ့အပြင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်အချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံလူမှုကူညီ ရေးလုပ်နေသူတွေက ပြောကြပါတယ်။

အခုဗုံးကြဲခံရတဲ့ ကျိန္တလီမြို့ဟာ သံတွဲနဲ့ ဂွမြို့ကြားမှာ တည်ရှိပြီး ရေကျော်ရွာကတော့ ကျိန္တလီမြို့နဲ့ ငါးမိုင်ဝန်းကျင် အကွာ ပင်လယ်ကမ်းခြေအနီးမှာ တည်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကလည်း ဂွ မြို့နယ် ကံ့ကော်တောင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၂၀ ရက်နဲ့ ၁၅ ရက်မှာလည်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ်နဲ့ ကျိန္တလီမြို့အနီး ရမ္မာကျွန်းရွာတို့ကို ဗုံး ကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁၀ ဦးထက် ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ ဂွမြို့နယ်အတွင်းက လူနေကျေးရွာတွေကို လေကြောင်းဗုံးကြဲနေသလို ဂွပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်(Navy)တွေကနေလည်း ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ အစပ်မြို့ နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ငါးစီးထက်မနည်း အချိန်ပြည့်နေရာ ယူ ထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားတာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲ ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၀ဦးကျော် သေဆုံးပြီး ၂၀နီးပါး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ် ၃စီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရယ် အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

သတင်း

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်​တွေအပါအဝင် စစ်မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။