ဂါဇာ ကမ်းမြှောင်ဒေသ အုပ်ချုပ်ရေး ကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါလက်စတိုင်း လှုပ်ရှားမှု အဖွဲ့အစည်း ဟားမားစ်က ကြေညာခဲ့ပါတယ်။
ဟားမားစ်ဟာ ဂါဇာကို ဆယ်စုနှစ် နှစ်ခုနီးပါးလောက် အုပ်ချုပ်နေခဲ့ရာက ဇူလိုင် ၆ ရက်နေ့မှာတော့ အဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဂါဇာမှာ အရပ်သား အုပ်ချုပ်မှု စနစ်ကို ပြန်လည် အကောင်အထည်ဖော်မယ့် ကော်မတီ တစ်ခု လည်ပတ်နိုင်အောင် လမ်းဖွင့်ပေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပါ။
ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ၂ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ စစ်ပွဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိလာခဲ့ပါတယ်။ ဟားမားစ်ဟာ ဂါဇာရဲ့ အုပ်ချုပ်ရေး ယန္တရားကနေ တစ်ဆင့်ချင်းစီ ဆုတ်ခွာပေးဖို့ကို လက်ခံခဲ့ပေမယ့် အပြီးတိုင် လက်နက်စွန့်ရမယ်ဆိုတဲ့ အစ္စရေးရဲ့ တောင်းဆိုချက်ကိုတော့ မလိုက်လျောသေးပါဘူး။ အဲဒီကိစ္စဟာ နှစ်ဖက်ကြားမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာ တစ်ခုအဖြစ် ဆက်ပြီး ကျန်နေပါတယ်။
ဇူလိုင် ၆ ရက်နေ့မှာတော့ ဟားမားစ်ရဲ့ ဂါဇာအစိုးရ အရေးပေါ် ကော်မတီ အကြီးအကဲ မိုဟာမက် အယ်လ်ဖာရားဟာ နုတ်ထွက်စာကို တရားဝင် တင်သွင်းခဲ့ကြောင်း ဟားမားစ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိချုပ် အစ္စမေးလ် အယ်လ် သာဝက်ဘ်တာက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ကိုယ်တိုင် ရာထူးက နုတ်ထွက်မှုနဲ့အတူ သူ့ရဲ့ ကော်မတီကို ဖျက်သိမ်းဖို့လည်း အယ်လ်ဖာရားက ဆုံးဖြတ်ခဲ့ကြောင်း၊ ဂါဇာရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတာဝန်တွေကို ဂါဇာအုပ်ချုပ်ရေး အမျိုးသား ကော်မတီ (NCAG)ဆီ လွှဲပေးသွားမှာဖြစ်ကြောင်း သာဝက်ဘ်တာက ဆိုပါတယ်။
ဟားမားစ် အတွက်တော့ ဒါဟာ ခြေလှမ်းသစ် တစ်ခုကို ရွေးချယ်လိုက်တာဖြစ်ပြီး ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ခေါင်းဆောင်မှု နေရာမှာ ဆက်ပြီး တာဝန်ယူတော့မှာ မဟုတ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။ အခုအချိန်မှာတော့ NCAGရဲ့ အုပ်ချုပ်ရေး ယန္တရား အမြန်ဆုံး လည်ပတ်လာဖို့ပဲ လိုအပ်ပြီး ဟားမားစ်ဟာ အစိုးရ လုပ်ငန်းတာဝန်တွေကို လွှဲပြောင်းပေးဖို့ အသင့်ပြင်ဆင်ထားကြောင်းလည်း သာဝက်ဘ်တာက မှတ်ချက်ပေးသွားပါတယ်။
၁၅ ဦးပါ ဟားမားစ် အုပ်ချုပ်ရေး ကောင်စီကို ဖျက်သိမ်းခဲ့တဲ့နောက် နည်းပညာ လုပ်ငန်းရှင်နဲ့ ဩဇာကြီးမားတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ အလီရှက်သ် ဦးဆောင်တဲ့ NCAGဟာ ဂါဇာကို စီမံအုပ်ချုပ်ဖို့ လက်လွှဲ တာဝန်ယူသွားမှာပါ။
ဒါပေမဲ့ အစ္စရေးရဲ့ ကန့်ကွက်မှုကြောင့် NCAGဟာ လူဦးရေ ၂.၁ လောက် နေထိုင်တဲ့ စစ်ဒဏ်ခံ ဒေသဆီ ချက်ချင်း မဝင်ရောက်နိုင်သေးဘဲ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ လအတော်ကြာ ဆက်လက် အခြေစိုက်နေဦးမယ်လို့လည်း သိရပါတယ်။
ဂါဇာ အခြေစိုက် နိုင်ငံရေး သုတေသီ တစ်ဦးဖြစ်တဲ့ မက်ခ်ဟိုင်မာ အဘူဆာဒါးကတော့ အုပ်ချုပ်ရေး ကော်မတီ ဖျက်သိမ်းတဲ့ ဟားမားစ်ရဲ့ လုပ်ဆောင်ချက်ဟာ အပေါ်ယံ အဆင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။ တကယ့် ပြဿနာက အစိုးရ ကော်မတီ ဖျက်မဖျက် ဆိုတာ မဟုတ်ဘဲ ဟားမားစ်က လက်နက်ကိုင် မူဝါဒ စွန့်မစွန့် ဆိုတာသာ ဖြစ်ကြောင်း၊ ဟားမားစ်က ကိုယ်တိုင် လက်နက်ဖျက်သိမ်းဖို့ ငြင်းဆိုနေပြီး အဲဒါကသာ လက်ပေါက်ကပ်တဲ့ ကိစ္စ ဖြစ်နေကြောင်း သူက ထောက်ပြသွားပါတယ်။
ကိုးကား: AFP


















































