ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်အစောပိုင်းတုန်းက ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးဖြစ်သူ အစ်ဇဲလ်ဒယ် အယ်လ်ဘိုင်ခ်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်တပ်နဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့က အသီးသီး ကြေညာခဲ့ပါတယ်။ ညပိုင်းမှာတော့ ဟားမားစ်ကလည်း အယ်လ်ဘိုင်ခ် သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
အရုဏ်တက် အချိန်လောက်တုန်းက ဂါဇာစီးတီးရဲ့ နက်ဆာရပ်ကွက်နားက တိုက်ခန်းတစ်ခုကို အစ္စရေးက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အယ်လ်ဘိုင်ခ် သေဆုံးခဲ့တာပါ။ အယ်လ်ဘိုင်ခ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက ဟားမားစ် ပြောက်ကျားတွေ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးမှာ အဓိက ဦးဆောင်ခဲ့သူ တစ်ဦးလို့ အစ္စရေးက စွပ်စွဲထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အယ်လ်ဘိုင်ခ် သေဆုံးခဲ့ပြီး သူနဲ့အတူ ရှိနေသူ တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ရာကနေ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ညနေပိုင်းမှာတော့ ဂါဇာမှာရှိတဲ့ ဂျူဘာလီယာ ဒုက္ခသည် စခန်းနားမှာ အစ္စရေးက နောက်ထပ် လေကြောင်းတိုက်ခိုက်မှု နှစ်ခု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် စစ်ရှောင်သုံးဦး သေဆုံးခဲ့ကြောင်း စခန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ အစ္စရေးကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ ဂျူဘီလာယာမှာ ရှိနေတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထား ချေမှုန်းခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
အစ္စရေးနဲ့ ဟားမားစ်တို့ဟာ အမေရိကန် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို လက်ခံထားပေမယ့် အစ္စရေးကတော့ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ ၂၀၂၃ အောက်တိုဘာ တိုက်ခိုက်မှုမှာ အဓိက တာဝန်ရှိသူတွေ အပါအဝင် ဟားမားစ် ထိပ်ပိုင်းအရာရှိ ၂၀ လောက်ကို အခုလ တစ်လတည်းမှာတင် သုတ်သင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း အစ္စရေး စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ကိုးကား: AFP


















































