အာရေဗျ ပင်လယ်ပြင်ပေါ် ဖြတ်ပျံရင်း ပျောက်ဆုံးသွားတဲ့ ကုန်တင်လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
Boeing 737 အမျိုးအစား လေယာဉ်ဟာ ဇူလိုင် ၇ ရက်နေ့တုန်းက အာရေဗျ ပင်လယ်ကို ဖြတ်ပျံရင်း ပါကစ္စတန် ကမ်းလွန်ရေပြင်နားမှာ ရေဒါမြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက် မသွားခင်မှာ အမြင့်ပေ ၃၅၀၀၀ လောက်ကနေ ရုတ်တရက် ထိုးဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို အပူတပြင်း ဖြန့်ကျက်ရှာဖွေခဲ့တဲ့နောက် ၁၂ နာရီလောက် အကြာမှာ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်း တချို့ကို ပါကစ္စတန် ရေတပ်က စတင်ရှာဖွေ တွေ့ရှိလာပါတယ်။ ရှာဖွေရေး မစ်ရှင်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေမှာတော့ အလုပ်သမားတွေဟာ လေယာဉ် ကိုယ်ထည် အစိတ်အပိုင်း တချို့ကို ဆယ်ယူနေတာ တွေ့ခဲ့ရပါတယ်။
ပါကစ္စတန် လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ K2က ပိုင်ဆိုင်တဲ့ လေယာဉ်ဟာ ၂၇ နှစ် သက်တမ်းရှိပြီလို့ သိရပါတယ်။ လေယာဉ်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ရှာဂျားမြို့ကနေ ပါကစ္စတန်ရဲ့ ကရာချိမြို့ဆီ ပျံသန်းလာရင်း ပျက်ကျခဲ့တာပါ။

Public Service Announcement
လေယာဉ်ပေါ် ပါလာတဲ့ အမှုထမ်း ၅ ဦးရဲ့ ကံကြမ္မာကို မသိရသေးပေမယ့် မျှော်လင့်ချက် မရှိသလောက် နည်းနေပြီလို့ ယူဆရပါတယ်။ လေယာဉ်ပျက်ကိုတော့ ပါကစ္စတန်ရဲ့ ကမ်းရိုးတန်းမြို့ တစ်ခုဖြစ်တဲ့ အော်မာရာနဲ့ ရေမိုင် ၅၃ မိုင်လောက် အကွာမှာ ရှာတွေ့ခဲ့ကြပါတယ်။
လေယာဉ် ပျက်မကျခင်မှာ အဖွဲ့သားတွေက လေယာဉ်ရဲ့ လမ်းညွှန်စနစ်မှာ ပုံမှန် အလုပ်မလုပ်တဲ့ ပြဿနာ ကြုံနေရကြောင်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ် အသိပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ် အဖွဲ့သားတွေကို ကယ်ဆယ်ရေးတွေက ဆက်လက် ရှာဖွေနေပါတယ်။
လေယာဉ်ရဲ့ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေနဲ့ လေယာဉ်မှူး အခန်းထဲက အသံတွေကို မှတ်တမ်းတင်ထားတဲ့ Black Boxတွေကို ရှာမတွေ့သေးခင်မှာတော့ လေယာဉ်မှာ ဘယ်လို ပြဿနာ ကြုံခဲ့သလဲ ဆိုတာကို တိတိကျကျ အဖြေထုတ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ K2 လေကြောင်းလိုင်းနဲ့ ပါကစ္စတန် လေဆိပ် အာဏာပိုင် အဖွဲ့ဆီက လတ်တလောမှာ အသေးစိတ် ကြေညာချက်တွေ မထုတ်ပြန်သေးဘူးလို့လည်း သိရပါတယ်။
ကိုးကား: GB News


















































