Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကန်တက်ကီမှာ ကုန်တင်လေယာဉ် ပျက်ကျပြီး ၃ ဦးထက်မနည်းသေ

အမေရိကန် နိုင်ငံရဲ့ ကန်တက်ကီ ပြည်နယ်မှာ ကုန်တင်လေယာဉ်တစ်စီး ပျက်ကျလို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် နိုင်ငံရဲ့ ကန်တက်ကီ ပြည်နယ်မှာ ကုန်တင်လေယာဉ်တစ်စီး ပျက်ကျလို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့တုန်းက လူးဝစ္စဗီးလ် မြို့မှာရှိတဲ့ မူဟာမက်အလီ နိုင်ငံတကာ လေဆိပ်နားမှာ လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျမှုကြောင့် မြေပြင်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆောက်အအုံ တချို့လည်း မီးစွဲလောင်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကန်တက်ကီ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှာက ဒီဖြစ်ရပ်ဟာ တကယ့်ကပ်ဘေးတစ်ခုလို့ ပြောကြားခဲ့ပြီး ဒေသခံတွေ အနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် အာဏာပိုင်တွေ ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

လောလောဆယ်တော့ အသေအပျောက် ၃ ဦးရှိတယ်လို့ နားလည်ထားကြောင်း၊ ဒါပေမဲ့ အဲဒီထက် အများကြီး တိုးလာမယ်လို့လည်း သူယူဆကြောင်း ဘီရှာက ဆိုပါတယ်။ ဒဏ်ရာရသူကလည်း ၁၁ ဦးထက်မနည်း ရှိနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

သူက မြေပြင်မှာ ရှိနေတဲ့ အလုပ်သမား ၂ ဦးလည်း ပျောက်ဆုံးနေပြီး အဆောက်အအုံကြီး ၂ ခုလည်း ထိခိုက်သက်ရောက်မှုတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။ လေယာဉ်ဝန်ထမ်း ၃ ဦးစလုံးကတော့ သေဆုံးသွားပြီလို့ ယုံကြည်ရပါတယ်။

ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင် အရာရှိ နောက်တစ်ဦးကတော့ ပျက်ကျတဲ့ လေယာဉ်ဟာ လောင်စာဆီ ဂါလံ ၃၈၀၀၀ လောက် တင်ဆောင်လာခဲ့တယ်လို့ သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

အမေရိကန် ဖက်ဒရယ် လေကြောင်း အာဏာပိုင်အဖွဲ့ (FAA)ရဲ့ ကြေညာချက်အရ လေယာဉ်ဟာ ဟာဝိုင်ယီပြည်နယ်ရဲ့ ဟိုနိုလူလူမြို့ဆီ ဦးတည် ပျံတက်သွားပြီး မကြာခင်မှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်ဟာ ကုန်တင်ဖို့ အဓိက အသုံးပြုလေ့ ရှိကြတဲ့ McDonell Douglas MD-11 အမျိုးအစား ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျမှု အပြီးမှာတော့ လေဆိပ်ရဲ့ အဝင်အထွက် ခရီးစဉ် အားလုံးကို ယာယီ ဆိုင်းငံ့ထားပြီး လေယာဉ်ကွင်းကိုလည်း ပိတ်ထားခဲ့ရပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ United Parcel Service (UPS)က အဲဒီ လေယာဉ်ကို ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ကန်တက်ကီ ပြည်နယ်ဟာ UPSရဲ့ အကြီးမားဆုံး ကုန်စည် ထုပ်ပိုး သယ်ယူရေး ဌာနကြီး တည်ရှိတဲ့ ပြည်နယ်လို့လည်း သိရပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။