အပူလှိုင်းဒဏ် ပိုပြင်းထန်လာတဲ့နောက် ပြင်သစ်မှာ ဓာတ်အား ထုတ်လုပ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တချို့ကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။
နိုင်ငံရဲ့ အဓိက စွမ်းအင် ထောက်ပံ့ရေး လုပ်ငန်းစုဖြစ်တဲ့ EDFက တစ်နိုင်ငံလုံးမှာ အပူလှိုင်းဒဏ် သက်ရောက် ခံစားနေရတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ဓာတ်ပေါင်းဖို ၃ ခုကို ရပ်ဆိုင်းထားပြီး တချို့ကိုလည်း ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျှော့ချထားကြောင်း ဇူလိုင် ၁၂ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
ဓာတ်ပေါင်းဖိုတွေကို အအေးခံဖို့ အသုံးပြုတဲ့ ရေတွေ စွန့်ထုတ်နေရမှုကို လျှော့ချဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းတွေကို လိုက်နာဖို့အတွက်ရယ် ရည်ရွယ်ပြီး အခုလို အပြောင်းအလဲ လုပ်ခဲ့တာလို့ EDF ကုမ္ပဏီက ကြေညာပါတယ်။
ဂိုလ်ဖက်ချ်၊ ဘူဂေး၊ ချူးဇ်တို့မှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို လောလောဆယ် ပိတ်ထားလိုက်တာပါ။ အဲဒီ ဓာတ်ပေါင်းဖိုတွေဟာ ဂါရုန်း၊ ရုန်းနဲ့ မူဆေး မြစ်တွေပေါ်မှာ တည်ရှိပါတယ်။

Public Service Announcement
ဓာတ်ပေါင်းဖိုတွေကို အအေးပေးလိုက်တဲ့ ရေတွေဟာ မြစ်ထဲကို ပြန်လည် စွန့်ထုတ်ချိန်မှာ ပူနွေးနေလေ့ ရှိပါတယ်။ ရာသီဥတုကြောင့် ရှိရင်းစွဲ မြစ်ရေ အပူချိန်က မြင့်တက်နေတဲ့အခါ အဲဒီလိုမျိုး ရေပူတွေ စွန့်ထုတ်ခြင်းက ဂေဟစနစ်ကို ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း စွန့်ထုတ်တဲ့ ရေပူပမာဏကို လျှော့ချဖို့အတွက် ဓာတ်ပေါင်းဖိုတွေကို ပိတ်တာ၊ ထုတ်လုပ်မှုဝန်ကို လျှော့ပစ်တာမျိုး လုပ်ခဲ့ရတာပါ။
ပြင်သစ်ရဲ့ စွမ်းအင်လိုအပ်ချက်ဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ အဲဒီ စက်ရုံတွေဆီက နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို အအေးပေးရာမှာလည်း နိုင်ငံရဲ့ မြစ်တွေထဲက ရေကိုပဲ အသုံးပြုပြီး သက်ဆိုင်ရာ မြစ်အသီးသီးဆီ ပြန်လည် စွန့်ထုတ်နေတာပါ။
ပြင်သစ်မှာတော့ အပူဒဏ်ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပိတ်ရတာဟာ ရက်သတ္တပတ် တချို့အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဇွန်လတုန်းက ပြင်သစ်ရဲ့ ဒေသတချို့မှာ စံချိန်တင် အပူချိန်တွေထိ ရောက်ရှိခဲ့တဲ့နောက် အခုလိုပဲ ဓာတ်ပေါင်းဖိုတွေ ပိတ်ခဲ့ရပါတယ်။
မေလကစပြီး တတိယမြောက်ဖြစ်တဲ့ အပူလှိုင်းဟာ ဇူလိုင် ၁၂ ရက်နေ့က ပြင်သစ်ကို ဖြတ်သန်းခဲ့ပြီး အမျိုးသား ရာသီဥတု စင်တာက အပူချိန်ဆိုင်ရာ အမြင့်ဆုံး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
AFP သတင်းဌာနရဲ့ အဆိုအရ ပြင်သစ်မှာ လူပေါင်း ၂၁ သန်းလောက်ဟာ ၄၁ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်မားတဲ့ နေ့အပူချိန်မျိုးကို ကြုံတွေ့ ဖြတ်သန်းနေရကြောင်းလည်း သိရပါတယ်။
ကိုးကား: AFP

















































