အတော်လေး ပြီးပြည့်စုံတဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကြီး တစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၁၄ ရက်နေ့တုန်းက ဂူးစ်လို့ နာမည်ပေးထားတဲ့ တိုင်ရန်နိုဆောရပ်စ် (တီရက်စ်) မျိုးစိတ် ဒိုင်နိုဆော အရိုးစုကြီးကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဆော့သဘီ လေလံပွဲမှာ ဒေါ်လာ ၅၀.၁ သန်းနဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒိုင်နိုဆော အရိုးစု တစ်ခုအတွက် လေလံတင် ရောင်းချဖူးသမျှ အမြင့်ဆုံး စံချိန်တင် စျေးလည်း ဖြစ်လာပါတယ်။
ဂူးစ်ကို ရရှိဖို့အတွက် ဝယ်လက် ၇ ဦးက ၁၀ မိနစ်ကြာ အပြိုင်အဆိုင် လေလံ စျေးပေးခဲ့ကြပါတယ်။ ဂူးစ်ဟာ ကမ္ဘာပေါ်မှာ ရှာတွေ့ဖူးသမျှ အပြည့်စုံဆုံး တီရက်စ် အရိုးစုလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက တောင်ပိုင်း ဒါကိုတာ ပြည်နယ်မှာရှိတဲ့ နွားမွေးမြူရေး ခြံထဲမှာ အဲဒီ အရိုးစုကြီးကို ရှာတွေ့ခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းနဲ့ ၇၂ သန်းကြား ကာလအတွင်း တစ်ချိန်ချိန်တုန်းက အဲဒီ သားရဲသတ္တဝါကြီးဟာ ဒိုင်နိုဆောတွေကြားမှာ မင်းမူနေခဲ့ပါတယ်။ တီရက်စ်တွေဟာ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ ကြီးစိုးခဲ့တဲ့ နောက်ဆုံးအချိန်တွေဖြစ်တဲ့ ခရီတေးရှပ်စ် နှောင်းပိုင်း ကာလတွေမှာ ရှင်သန်ခဲ့ကြပါတယ်။

Public Service Announcement
အရိုးစုကြီးရဲ့ အရှည်ဟာ ၁၆.၈ မီတာရှိပြီး ရှာတွေ့ဖူးသမျှထဲမှာ အကြီးဆုံး တီရက်စ် အရိုးစုတစ်ခုလည်း ဖြစ်ပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ အရိုး အစိတ်အပိုင်း ၁၈၃ ခုနဲ့ ဖွဲ့စည်းထားပြီး အရိုးအားလုံးရဲ့ ၆၃ ရာခိုင်နှုန်း ပြည့်စုံနေပါတယ်။
ဂူးစ်ကို ဝယ်ယူသွားတဲ့ ပုဂ္ဂိုလ်က ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဆိုတာကိုတော့ လေလံဌာနက မထုတ်ပြန်ပါဘူး။ ဒီအရိုးစုအတွက် ဒေါ်လာသန်း ၅၀ ကျော်ထိ စျေးပေးခဲ့တယ် ဆိုတာက ဒိုင်နိုဆော အရိုးတွေရဲ့ စျေးတွေ မြင့်တက်လာတာကို မြင်သာစေပါတယ်။
ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ အဲဒီအပြောင်းအလဲကို ဝေဖန်ခဲ့ပြီး ဒိုင်နိုဆော အရိုးစုတွေကို ပုဂ္ဂလိက ပိုင်ဆိုင်သူတွေက စုဆောင်းနေတာကို ကန့်ကွက်ခဲ့ပါတယ်။ သိပ္ပံနဲ့ သဘာဝ သမိုင်းဌာန အကြီးအကဲ ကာဆန်ဒရာ ဟက်တန်က အခုလိုမျိုး ဒိုင်နိုဆော အရိုးစုတွေကို ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် လက်ခံပေးဖို့ ခွင့်ပြုထားတာဟာ ကမ္ဘာပေါ်မှာ အမေရိကန် တစ်နိုင်ငံတည်း ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပညာရှင်တွေကတော့ အဲဒီအရိုးစုတွေကို သုတေသန စင်တာတွေနဲ့ ပြတိုက်တွေမှာပဲ ထိန်းသိမ်း ထားရှိသင့်ကြောင်း ယူဆနေပါတယ်။
ဂူးစ်မတိုင်ခင်က လေလံပွဲမှာ စံချိန်တင် အမြင့်ဆုံး စျေးရခဲ့တဲ့ ဒိုင်နိုဆော အရိုးစုကတော့ ၂၀၂၄ ခုနှစ်မှာ ရောင်းချခဲ့တဲ့ အသီးအရွက်စား စတက်ဂိုဆောရပ်စ် တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။ အဲဒီအရိုးစုအတွက် ဘီလီယံနာ ကန်ဂရစ်ဖင်က ဒေါ်လာ ၄၄.၆ သန်း သုံးစွဲပြီး ဝယ်ယူခဲ့ပါတယ်။
ကိုးကား: AFP

















































