ထွန်းညိုဦး/People’s Spring
အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ “အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်”ဆိုတဲ့ သီချင်းပါ။
အဲဒီသီချင်းကို မွေးခါစ ကလေးလေးတွေနဲ့လည်း Tiktok တော်တော် ရိုက်ကြတယ်။ ငွေကြေးတက်နိုင်လို့ အထူးကုဆေးရုံံကြီးတွေမှာ တက်မွေးကြတဲ့ ကလေးလေးတွေဆိုရင် ဘေးမှာ သူနာပြုတွေ၊ ဆရာဝန်တွေ ဝန်းရံထားပြီးကို ဆော့ကြတဲ့ သီချင်းပါ။
အတိတ်ကောင်းနိမိတ်ကောင်းဆိုပြီး ရိုက်ကြတာပါ။ အဲဒီသီချင်းနဲ့ ဆော့လို့မရတော့တဲ့ ရင်သွေးလေးတစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရှိခဲ့ဖူးပါတယ်။

Public Service Announcement
ဇူလိုင်လ၁၄ရက် ညနေ ၄ နာရီထိုးဖို့ ၁၅ မိနစ်လောက်အလိုမှာ မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထုံးစံအတိုင်း ဂျိုင်ရို ကော်ပတာ ၃ စီး တက်လာခဲ့တယ်။ အဲဒီ ဂျိုင်ရို ၃ စီးဟာဘယ် PDFစခန်း သတင်းရလို့ သွားကြဲမလဲ။ ဘယ်မှာတိုက်ပွဲရှိလို့ သွားတာဖြစ်မလဲ။
ဂျိုင်ရို ၃ စီးက အရာတော်မြို့နယ်၊ ကံရင်းရွာက ခနော်နီခနော်နဲ့ လက်ဖက်ရည်ဆိုင်လေးဆီကိုပါ။ လက်ဖက်ရည်ဆိုင်လေးထဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသူ ဘယ်သူများရှိနေပါလိမ့်။ ဆိုင်ထဲမှာရှိတာမှ အပ်တိုတစ်ချောင်းတောင် မကိုင်နိုင်တဲ့ မကြာခင် မီးဖွားရတော့မယ့် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးရယ်၊ အသက် ၅၀ အရွယ် အမျိုးသမီးရယ်၊ အသက် ၄၀ အရွယ် အမျိုးသားရယ် ဒါပဲရှိတာရယ်။
လက်တလော မြင်ရတဲ့ ပြည်သူ ၃ ဦးအတွက် အာဏာသိမ်း စစ်တပ်ဟာ ဂျိုင်ရို ၃ စီးသုံးပြီး ဗုံး ၃ လုံး ကြဲချခဲ့တယ်။ ကိုယ်ဝန်ဆောင်အပါအဝင် ၃ ဦးလုံး သေဆုံးတယ်။ ဝမ်းထဲက ရင်သွေးကလေးက ၈ လတောင်ရှိပြီမိူ့ သူအသက်များ ရှင်နိူင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်မဲ့မိခင်ဝမ်းထဲကနေ ခွဲမွေးပေးကြတယ်။
ရင်သွေးလေးဟာ သမီးလေးပါ။ မအေကို ကူမယ့်သမီးလေး။အသားတွေကလည်းပြာနှမ်းလို့။လူ့လောကထဲတောင်ကောင်းကောင်းမရောက်လိုက်ရရှာဘဲ ပြင်းထန်တဲ့ဝေဒနာတွေနဲ့ သမီလေးဟာ သူ့မိခင်နောက် လိုက်သွားရရှာတယ်။
အနှီးဖြူလေးနဲ့ထုပ်ပြီး သူ့မိခင်ကြိုဝယ်ထားတဲ့ ကလေးအင်္ကျီဝမ်းဆက်လေး လွှမ်းပေးထားတယ်။ မျက်စိမှိတ်လှဲလျောင်းနေတဲ့ သူ့မေမေဘေးမှာ သမီးလေးလည်း အနှီးထုပ်လေးထဲ အေးစက်နေခဲ့တယ်။ သူတို့မိသားစုထဲက ကိုယ်ဝန်ဆောင်ရဲ့အသက် ၇ နှစ်အရွယ်သားကလေးကတော့ မိဘမဲ့ဘဝနဲ့ ကျန်ရစ်ခဲ့ရတယ်။
“ကျန်ခဲ့တဲ့ ၇ နှစ်သားလေးက ဗိုက်ထဲက ကလေးလေးက ညီမလေးမှန်းသိတဲ့အချိန်တုန်းက အမေ့နားက ခွာတောင်မခွာနိုင်တဲ့အထိချစ်ရှာခဲ့တာတဲ့ကွယ်။ ဖအေ ဖြစ်သူမှာလည်းရင်ကွဲမတက်” လို့ ဖြစ်စဥ်ကိုသိသူက ဖေစ်ဘွခ်မှရေးသားထားပါတယ် ။
ဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်သွေးငယ် ၊အခြားအမျိုးသမီးတို့ဟာပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး အမျိုးသားတဦးက ဒဏ်ရာပြင်းထန်စွာရပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။
တိကျတဲ့ စာရင်းမှတ်တမ်း မရရှိသေးပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဗိုက်ထဲက ရင်သွေးငယ်လေးတွေ အများအပြား သေဆုံးခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က နိုင်ငံတစ်ဝန်းဗုံးကြဲလို့သေဆုံးခဲ့တဲ့အရေအတွက်ဟာ ထောင်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ် ။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ စစ်တပ်ဗုံးကြဲလို့သေဆုံးခဲ့တဲ့ပြည်သူ ၉၈၂ ဦးရှိတယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင်စစ်တပ်ရွေးကောက်ပွဲကာလ ၂၀၂၅ သြဂုတ်လကနေ ၂၀၂၆ ဇန်နဝါရီလအထိ့စစ်တပ်အကြမ်းဖက်သတ်ဖြတ်လို့သေဆုံးရတဲ့ပြည်သူ အနည်းဆုံး ၇၀၂ ဦးရှိပြီး ဗုံးကြဲခံရလို့သေဆုံးသူ ၅၀၅ ဦးပါဝင်တယ်လို OHCHR ကထုတ်ပြန်ပါတယ် ။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော် ကြာကာလအတွင်း ဒီကနေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာ နေ့စဉ်နဲ့အမျှ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စုဆောင်းထားတဲ့အချက်အလက်တွေအရလည်း စစ်အုပ်စုဟာအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပေါင်းအနည်းဆုံး ၁၃,၀၀၀ ကျော်ကိုသတ်ဖြတ်ထားပါတယ် ။ အဲဒီထဲမှာ ကလေးငယ်ပေါင်း ၁၀၈၇ ဦးပါဝင်ပါတယ် ။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့သားအောင်ပြည့်စုံက မွေးထားတဲ့ မြေးငယ်တွေကိုပဲ ချစ်မေတ္တာပြပြီး နိုင်ငံတစ်ဝန်းက လူမျိုး၊ဘာသာ ၊ကျား၊မ၊တည်းနေရာမရွေး ကလေးငယ်တွေကို နေ့စဥ့်နီးပါးသတ်ဖြတ်ဖို့ကိုတော့ လက်မရွံအမိန့်ပေးနေသူဖြစ်ပါတယ် ။
မိခင်ဝမ်းကနေတောင် မထွက်ရသေးခင် ၈ လသမီးအရွယ်သာရှိသေးတဲ့ သမီးငယ်လိုကလေးငယ်တွေကတော့ အကြောင်းပြချက်မရှိ စစ်အုပ်စုရဲ့သတ်ဖြတ်တာခံနေရဆဲဖြစ်ပါတယ်။ သူတို့လေးအတွက် တရားမျှတမှု က အခုထိရောက်မလာသေးပါဘူး။


















































