Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေမွေးကတည်းက ငါကံကောင်းတယ်တဲ့လား

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ “အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်”ဆိုတဲ့ သီချင်းပါ။

(စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့ ကိုယ်ဝန်​ဆောင်မိခင် နဲ့ ဗိုက်ထဲမှ၈ လသားအရွယ်သမီးတို့ရုပ်အ​လောင်း​ဘေးမှာ မိသားစုဝင် တဦးကငို​ကြွေး​နေစဥ်။ဓါတ်ပုံ-​ဒေသခံ)

ထွန်းညိုဦး/People’s Spring

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ “အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်”ဆိုတဲ့ သီချင်းပါ။

အဲဒီသီချင်းကို မွေးခါစ ကလေးလေးတွေနဲ့လည်း Tiktok တော်တော် ရိုက်ကြတယ်။ ငွေကြေးတက်နိုင်လို့ အထူးကုဆေးရုံံကြီးတွေမှာ တက်မွေးကြတဲ့ ကလေးလေးတွေဆိုရင် ဘေးမှာ သူနာပြုတွေ၊ ဆရာဝန်တွေ ဝန်းရံထားပြီးကို ဆော့ကြတဲ့ သီချင်းပါ။

အတိတ်ကောင်းနိမိတ်ကောင်းဆိုပြီး ရိုက်ကြတာပါ။ အဲဒီသီချင်းနဲ့ ဆော့လို့မရတော့တဲ့ ရင်သွေးလေးတစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရှိခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ၁၄ရက် ညနေ ၄ နာရီထိုးဖို့ ၁၅ မိနစ်​​လောက်အလိုမှာ မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထုံးစံအတိုင်း ဂျိုင်ရို ကော်ပတာ ၃ စီး တက်လာခဲ့တယ်။ အဲဒီ ဂျိုင်ရို ၃ စီးဟာဘယ် PDFစခန်း သတင်းရလို့ သွားကြဲမလဲ။ ဘယ်မှာတိုက်ပွဲရှိလို့ သွားတာဖြစ်မလဲ။

ဂျိုင်ရို ၃ စီးက အရာတော်မြို့နယ်၊ ကံရင်းရွာက ခနော်နီခနော်နဲ့ လက်ဖက်ရည်ဆိုင်လေးဆီကိုပါ။ လက်ဖက်ရည်ဆိုင်လေးထဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသူ ဘယ်သူများရှိနေပါလိမ့်။ ဆိုင်ထဲမှာရှိတာမှ အပ်တိုတစ်ချောင်းတောင် မကိုင်နိုင်တဲ့ မကြာခင် မီးဖွားရတော့မယ့် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးရယ်၊ အသက် ၅၀ အရွယ် အမျိုးသမီးရယ်၊ အသက် ၄၀ အရွယ် အမျိုးသားရယ် ဒါပဲရှိတာရယ်။

လက်တလော မြင်ရတဲ့ ပြည်သူ ၃ ဦးအတွက် အာဏာသိမ်း စစ်တပ်ဟာ ဂျိုင်ရို ၃ စီးသုံးပြီး ဗုံး ၃ လုံး ကြဲချခဲ့တယ်။ ကိုယ်ဝန်ဆောင်အပါအဝင် ၃ ဦးလုံး သေဆုံးတယ်။ ဝမ်းထဲက ရင်သွေးကလေးက ၈ လတောင်ရှိပြီမိူ့ သူအသက်များ ရှင်နိူင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်မဲ့မိခင်ဝမ်းထဲကနေ ခွဲမွေးပေးကြတယ်။

ရင်သွေးလေးဟာ သမီးလေးပါ။ မအေကို ကူမယ့်သမီးလေး။အသားတွေကလည်းပြာနှမ်းလို့။လူ့လောကထဲတောင်ကောင်းကောင်းမရောက်လိုက်ရရှာဘဲ ပြင်းထန်တဲ့ဝေဒနာတွေနဲ့ သမီလေးဟာ သူ့မိခင်နောက် လိုက်သွားရရှာတယ်။

အနှီးဖြူလေးနဲ့ထုပ်ပြီး သူ့မိခင်ကြိုဝယ်ထားတဲ့ ကလေးအင်္ကျီဝမ်းဆက်လေး လွှမ်းပေးထားတယ်။ မျက်စိမှိတ်လှဲလျောင်းနေတဲ့ သူ့မေမေဘေးမှာ သမီးလေးလည်း အနှီးထုပ်လေးထဲ အေးစက်နေခဲ့တယ်။ သူတို့မိသားစုထဲက ကိုယ်ဝန်ဆောင်ရဲ့အသက် ၇ နှစ်အရွယ်သားကလေးကတော့ မိဘမဲ့ဘဝနဲ့ ကျန်ရစ်ခဲ့ရတယ်။

“ကျန်ခဲ့တဲ့ ၇ နှစ်သား​လေးက ဗိုက်ထဲက က​​လေး​လေးက ညီမ​လေးမှန်းသိတဲ့အချိန်တုန်းက အ​မေ့နားက ခွာ​တောင်မခွာနိုင်တဲ့အထိချစ်ရှာခဲ့တာတဲ့ကွယ်။ ဖ​အေ ဖြစ်သူမှာလည်း​ရင်ကွဲမတက်” လို့ ဖြစ်စဥ်ကိုသိသူက ​ဖေစ်ဘွခ်မှ​ရေးသားထားပါတယ် ။

ဗုံးကြဲခံရမှု​ကြောင့် ကိုယ်ဝန်​​ဆောင်မိခင်နဲ့ ရင်​သွေးငယ် ၊အခြားအမျိုးသမီးတို့ဟာပွဲချင်းပြီး​သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသားတဦးက ဒဏ်ရာပြင်းထန်စွာရပြီးမှ ​သေဆုံးခဲ့တာဖြစ်ပါတယ်။

တိကျတဲ့ စာရင်းမှတ်တမ်း မရရှိသေးပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဗိုက်ထဲက ရင်သွေးငယ်လေးတွေ အများအပြား သေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က နိုင်ငံတစ်ဝန်းဗုံးကြဲလို့​သေဆုံးခဲ့တဲ့အ​ရေအတွက်ဟာ ​ထောင်​ပေါင်းများစွာရှိ​နေပြီဖြစ်ပါတယ် ။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့ပြည်သူ ၉၈၂ ဦးရှိတယ်လို့​ဖော်ပြထားပါတယ်။

ဒါ့အပြင်စစ်တပ်​ရွေး​ကောက်ပွဲကာလ ၂၀၂၅ သြဂုတ်လက​နေ ၂၀၂၆ ဇန်နဝါရီလအထိ့စစ်တပ်​အကြမ်းဖက်သတ်ဖြတ်လို့​သေဆုံးရတဲ့ပြည်သူ အနည်းဆုံး ၇၀၂ ဦးရှိပြီး ဗုံးကြဲခံရလို့​သေဆုံးသူ ၅၀၅ ဦးပါဝင်တယ်လို OHCHR ကထုတ်ပြန်ပါတယ် ။

စစ်အာဏာသိမ်းမှု ၅ နှစ်ကျော် ကြာကာလအတွင်း ဒီကနေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာ နေ့စဉ်နဲ့အမျှ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။

နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ရဲ့စု​ဆောင်းထားတဲ့အချက်အလက်​တွေအရလည်း စစ်အုပ်စုဟာအာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​ပေါင်းအနည်းဆုံး ၁၃,၀၀၀ ​ကျော်ကိုသတ်ဖြတ်ထားပါတယ် ။ အဲဒီထဲမှာ က​လေးငယ်​ပေါင်း ၁၀၈၇ ဦးပါဝင်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ဟာ ​သူ့သားအောင်ပြည့်စုံက ​မွေးထားတဲ့ ​မြေးငယ်​တွေကိုပဲ ချစ်​မေတ္တာပြပြီး နိုင်ငံတစ်ဝန်းက ​လူမျိုး၊ဘာသာ ၊ကျား၊မ၊တည်း​နေရာမ​ရွေး က​လေးငယ်​တွေကို ​နေ့စဥ့်နီးပါးသတ်ဖြတ်ဖို့ကို​တော့ လက်မရွံအမိန့်​ပေး​နေသူဖြစ်ပါတယ် ။

မိခင်ဝမ်းက​နေ​တောင် မထွက်ရ​သေးခင် ၈ လသမီးအရွယ်သာရှိ​သေးတဲ့ သမီးငယ်လိုက​လေးငယ်​တွေက​တော့ အ​ကြောင်းပြချက်မရှိ စစ်အုပ်စုရဲ့သတ်ဖြတ်တာခံ​နေရဆဲဖြစ်ပါတယ်။ သူတို့​လေးအတွက် တရားမျှတမှု က အခုထိ​ရောက်မလာ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-အမ်းလမ်းမပေါ်မှာရှိတဲ့ မင်းကြောင်ချောင်းတံတားကို ယမန်နေ့ကညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေး လုံးကြဲချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအတွက် လေ့ကျင့်သင်တန်းပေးမှုတစ်ခုကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။