ပရိသတ်တွေအတွက် ထူးကဲတဲ့ နိုင်ပွဲတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့ကြောင်း အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားဟာ အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု သီတင်းပတ်ကုန်မှာ စပိန်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ မက်ဆီအတွက်တော့ သုံးကြိမ်မြောက် ကစားဖူးတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဖြစ်လာတော့မှာပါ။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ အခုပွဲစဉ်မှာ အင်္ဂလန်ရဲ့ ဦးဆောင်ဂိုး သွင်းမှုကို ခံခဲ့ရပေမယ့် အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့တာပါ။ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် စာရင်းမှာ ဦးဆောင်နေသူ မက်ဆီဟာ ဒီပွဲမှာ ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အာဂျင်တီးနားရဲ့ နှစ်ဂိုးစလုံးကို ခြေစွမ်းပြ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူ့ဘဝ တလျှောက်လုံးမှာ အင်္ဂလန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ ပတ်သက်လို့ မက်ဆီက ဒါက ဘောလုံးပွဲ တစ်ပွဲသာ ဖြစ်ပေမယ့် ပရိသတ်တွေကတော့ တခြား ဘယ်ပွဲနဲ့မှ မတူအောင် အနိုင်ရချင်စိတ် ပြင်းထန်နေခဲ့ကြောင်း၊ အင်္ဂလန်ကို အကြိုဗိုလ်လုပွဲမှာ နိုင်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရတယ်ဆိုတဲ့ ခံစားချက်က သိပ်ကို အဓိပ္ပါယ် ပြည့်ဝပြီး ထူးကဲလွန်းကြောင်း မက်ဆီက ဆိုပါတယ်။

Public Service Announcement
အာဂျင်တီးနားဟာ ၁၉၈၆ နဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတွေမှာ အင်္ဂလန်ကို နှစ်ကြိမ်လုံး အနိုင်ယူခဲ့ဖူးပြီး နှစ်သင်းကြားမှာ ပြင်းထန်တဲ့ သမိုင်းကြောင်း အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ၁၉၈၂ ခုနှစ်တုန်းက နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန် စစ်ပွဲကြောင့်လည်း ဘောလုံးကွင်းပြင်ပ ခါးသီးမှုတွေ ကျန်နေဆဲပါ။
အာဂျင်တီးနားဟာ ကြိုးစား အားထုတ်မှုတွေကို ဘယ်တော့မှ ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း၊ တစ်သင်းလုံးက နှစ်နှစ်ကာကာ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့ ဘောလုံးကို အားကြိုးမာန်တက် ကစားချင်ကြကြောင်း မက်ဆီက ဆက်ပြောပါတယ်။ ဒီပွဲမှာ အင်္ဂလန် ကစားသမားတွေကို သူတို့ကွင်းဖက်ခြမ်းမှာတင် ပိတ်မိနေအောင် အာဂျင်တီးနားက ဖိအားပေးနိုင်ခဲ့သလို တစ်ဂိုး ရှုံးနေချိန်မှာတောင် အချိန်ပိုထိ ယှဉ်ပြိုင်စရာ မလိုဘဲ ပုံမှန်ပွဲချိန် အတွင်းမှာ အနိုင်ယူနိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့ကြောင်းလည်း မက်ဆီက ဆိုပါတယ်။
ဒီပွဲကို ဘယ်အာဂျင်တီးနား ပရိသတ်မှ မရှုံးချင်ခဲ့ကြကြောင်း၊ ကမ္ဘာ့ဖလားမှာ အသင်းရဲ့ ဖြတ်သန်းမှုက ထူးကဲလွန်းပြီး အကြိုဗိုလ်လုပွဲမှာ အင်္ဂလန်လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ခဲ့ရတာက သိပ်အရေးကြီးကြောင်း၊ တခြားကိစ္စတွေကို ထည့်မတွေးရင်တောင် ဒီပွဲကို ဘယ်လိုအကြောင်းနဲ့မှ ဘယ်သူမှ မရှုံးချင်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။
ပွဲချိန် မိနစ် ၈၀ ကျော်မှ ကွင်းထဲ ဝင်လာပြီး နာကျင် အပိုဆောင်းချိန်မှာ အာဂျင်တီးနားအတွက် အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့တဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က အာဂျင်တီးနား လုပ်ပြနိုင်ခဲ့တာက မယုံနိုင်လောက်အောင် ကောင်းမွန်ကြောင်း၊ ခက်ခဲလှတဲ့ နိုင်ပွဲတစ်ခုကို ရှာဖွေ ရယူနိုင်ခဲ့တာကြောင့် အရမ်းလည်း ပျော်ရွှင်မိကြောင်း၊ ဒီပွဲရဲ့ ပထမပိုင်းက အရမ်းခက်ခဲပြီး အင်္ဂလန်က ဖိအားကောင်းကောင်း ပေးထားနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး ရခဲ့ပြီးတဲ့နောက် အင်္ဂလန်က ခံစစ်ကို အထိုင်ကစားလိုက်တဲ့အခါ အာဂျင်တီးနားက ဘောလုံးပိုင်ဆိုင်မှု အသာစီးရပြီး ပွဲကို သက်တောင့်သက်သာ ထိန်းချုပ်နိုင်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အခုတော့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားကြီးကို နောက်ထပ် ၄ နှစ်ကြာ ထိန်းသိမ်းထားဖို့ လက်တစ်ကမ်း အလိုထိ နီးကပ်လာပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ တွေ့ရမယ့် စပိန်ကလည်း ကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်သလို အကြိုဗိုလ်လုပွဲမှာတော့ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ ပြင်သစ်ကို နည်းစနစ်ပိုင်း အသာစီးနဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။ နောက်ပြီး စပိန်ရဲ့ ခံစစ်ဟာ အခုနှစ် ပြိုင်ပွဲမှာ အထူးကျစ်လစ်ပြီး ၇ ပွဲကစားရာမှာ ၁ ဂိုးသာ ခွင့်ပြုထားရပါတယ်။
မာတီနက်ဇ်က စပိန်ဟာ ထူးချွန် ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်ကောင်းလို့ အသိအမှတ် ပြုခဲ့ပါတယ်။ လောလောဆယ်မှာတော့ အာဂျင်တီးနားဟာ အားပြန်ဖြည့်ရင်း ဗိုလ်လုပွဲအတွက် အကောင်းဆုံး ပြင်ဆင်ဖို့ လိုကြောင်း၊ တစ်ဖက်မှာလည်း ခက်ခက်ခဲခဲ ရယူခဲ့တဲ့ နိုင်ပွဲအတွက် အပြည့်အဝ ပျော်ရွှင် ကျေနပ်မှုကို ခံစားသင့်ကြောင်း၊ လက်ရှိ ချန်ပီယံ ဂုဏ်ပုဒ်ကို ကာကွယ်ဖို့ ဗိုလ်လုပွဲ ပြန်တက်လာတာဟာ နှယ်နှယ်ရရ မဟုတ်တာကြောင့် အပြည့်အဝ ဂုဏ်ယူ ပျော်ရွှင်သင့်ကြောင်း သူက ပြောကြားသွားပါတယ်။
ပွဲအပြီး အောင်ပွဲခံချိန်မှာ အာဂျင်တီးနား ကစားသမားတွေဟာ ဖောက်ကလန်ကျွန်း ကိစ္စကို ရည်ညွှန်းတဲ့ စာသားတစ်ခု ကွင်းထဲ ယူလာတာကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အရေးယူမှုကို ခံရဖွယ် ရှိနေပါတယ်။ အဲဒီ စာသားက ဖောက်ကလန်သားတွေက အာဂျင်တီးနားသားတွေ ဖြစ်တယ်လို့ ရေးသားထားခဲ့တာပါ။ အာဂျင်တီးနားရဲ့ အောင်ပွဲခံမှုဟာ နိုင်ငံရေး အရှုပ်အထွေးတွေကို ဘောလုံးအားကစားနဲ့ ရောယှက်စေတဲ့ သဘောမျိုး ဖြစ်နေတာကြောင့် အရေးယူ ခံရနိုင်ခြေ ရှိနေတာပါ။
၁၉၈၂ ခုနှစ်တုန်းက ဗြိတိန် ထိန်းချုပ်ထားရာ ဖောက်ကလန်ကျွန်းကို အာဂျင်တီးနားက ပိုင်နက်အဖြစ် ကြေညာပြီး စစ်တပ်တွေ စေလွှတ်ရာက နှစ်နိုင်ငံ စစ်ပွဲ စတင်ခဲ့တာပါ။ ၇၄ ရက် ကြာမြင့်တဲ့ စစ်ရေး ပဋိပက္ခမှာ နှစ်ဖက်စလုံး ရာနဲ့ချီ သေဆုံးခဲ့ပြီး ဗြိတိန်က စစ်ပွဲကို အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားကတော့ နိုင်ငံပိုင်နက် ကမ်းရိုးတန်း အရှေ့ဖက် မိုင် ၃၀၀ ကျော်လောက်မှာ တည်ရှိတဲ့ ကျွန်းအတွက် ပိုင်ဆိုင်ခွင့်ကို ဆက်လက် တောင်းဆိုနေဆဲ ဖြစ်ပါတယ်။
ကိုးကား: ESPN


















































