ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့ ဖခင်ဖြစ်သူဟာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
ဂျော့ဂျ်မက်ဆီဟာ ဩဂုတ် ၇ ရက်နေ့တုန်းက အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီရိုမြို့က ဆေးခန်းတစ်ခုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ နာတာရှည် ရောဂါဝေဒနာ စွဲကပ် ခံစားနေခဲ့ရပြီး ကွယ်လွန်သွားတာလို့ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီရဲ့ မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။
ဂျော့ဂျ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နေအိမ်နဲ့ ဆေးရုံဆေးခန်းတွေကို ကူးလူးရင်း ဖြတ်သန်း အချိန်ကုန်နေခဲ့ရပါတယ်။ သူကွယ်လွန်ချိန်က အနီးမှာ ဇနီးဖြစ်သူ စီလီယာ၊ သားသမီးတွေဖြစ်တဲ့ ရိုဒရီဂို၊ မက်တီးယက်စ်၊ မာရီယာဆိုးလ်တို့ အတူရှိနေခဲ့ကြောင်း မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် မက်ဆီကတော့ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဖခင်နဲ့ အတူနေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်ကမှ မိခင်ကလပ်ဖြစ်တဲ့ အင်တာ မီယာမီ အသင်းဆီ ပြန်ရောက်သွားခဲ့ပါတယ်။

Public Service Announcement
ဂျော့ဂျ်ဟာ သားဖြစ်သူရဲ့ တောက်ပတဲ့ ဘောလုံးသမားဘဝ တလျှောက်လုံးမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပံ့ပိုးပေးခဲ့ပါတယ်။ မက်ဆီက စပိန်ကလပ် ဘာစီလိုနာ လူငယ်အသင်းကို ရောက်သွားချိန်က သားဖြစ်သူ ရပ်ဝေးမြေခြားမှာ အထီးမကျန်အောင် ဂျော့ဂျ်လည်း လိုက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မက်ဆီရဲ့ အေးဂျင့်အဖြစ် နှစ်အတော်ကြာ ဆောင်ရွက်ပေးခဲ့ပါတယ်။
သူ့အတွက်တော့ ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ အကြံဉာဏ်တွေက အရမ်းအရေးပါကြောင်း၊ ပွဲတစ်ပွဲ ပြီးဆုံးတိုင်း သူ့ကစားပုံနဲ့ ပတ်သက်လို့ ဖခင်ရဲ့ အမြင်ကို မေးမြန်းလေ့ရှိကြောင်း အရင်တုန်းက မက်ဆီက ပြောပြဖူးပါတယ်။
ကမ္ဘာ့ဖလားမှာတုန်းက မက်ဆီဟာ အယ်လ်ဂျီးရီးယားဖက်ကို ဦးဆောင်ဂိုး သွင်းပြီးချိန်မှာ မျက်ရည်တွေ ကျနေခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ မက်ဆီက သူမျက်ရည်ကျတာဟာ ဘောလုံးနဲ့ မပတ်သက်ဘဲ ခက်ခဲပြီး ရှုပ်ထွေးတဲ့ နေ့ရက်တချို့ကြောင့်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုက ဂျော့ဂျ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ အကြောင်းကို အတည်ပြုခဲ့ပါတယ်။
မက်ဆီရဲ့ ငယ်ဘဝ အသင်းဟောင်း နယူးဝဲလ်အိုးလ်ဘွိုင်းစ် အပါအဝင် ဘောလုံးကလပ် တချို့နဲ့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်တို့ဟာ မက်ဆီနဲ့ မိသားစုအတွက် စာနာဝမ်းနည်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဖခင်ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး မက်ဆီကိုယ်တိုင်ဆီကတော့ သီးခြား ထုတ်ပြန်ချက် ထွက်ပေါ်မလာသေးပါဘူး။
ကိုးကား: Reuters


















































