Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စာချုပ်တစ်ခု ဆော်ဒီနဲ့ အမေရိကန် လက်မှတ်ရေးထိုး၊ ဆော်ဒီက ယူရေနီယမ် သန့်စင်ပိုင်ခွင့် ရလာ

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေဟာ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေဟာ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အရပ်ဖက် နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုလို့ ကြေညာထားတဲ့ စာချုပ်အရ ဆော်ဒီဟာ အရပ်ဖက် နျူကလီးယား စီမံကိန်းကို အကောင်အထည် ဖော်ခွင့် ရလာမှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံတွေနဲ့ချီ တန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုအရ အမေရိကန် ကုမ္ပဏီတွေဟာ ဆော်ဒီရဲ့ နျူကလီးယား စွမ်းအင် စီမံကိန်းထဲမှာ ပိုပြီး ထဲထဲဝင်ဝင် မြှုပ်နှံခွင့်လည်း ရကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုလို့ ကြေညာထားတဲ့ စာချုပ်ပါ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ္စရိုက်နဲ့ ဆော်ဒီ စွမ်းအင်ဝန်ကြီး အက်ဘ်ဒူလာဇစ် ဘင်ဆယ်လ်မန်တို့ လက်မှတ်ရေးထိုးပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စာချုပ်အရ ဆော်ဒီဟာ အနာဂတ်မှာ ကိုယ်တိုင် ယူရေနီယမ် သန့်စင်ပိုင်ခွင့်လည်း ရလာမယ်လို့ သိရပါတယ်။

ယူရေနီယမ် သန့်စင်မှုဟာ နျူကလီးယား စွမ်းအင် ထုတ်လုပ်မှုမှာ လောင်စာအဖြစ် လိုအပ်သလို နျူကလီးယား ဗုံးတွေလည်း ပြုလုပ်နိုင်ပါတယ်။ အမေရိကန်က အာရပ်နိုင်ငံတစ်ခုကို ယူရေနီယမ် သန့်စင်ဖို့ ခွင့်ပြုတာဟာ ပထမဆုံးလို့ ယူဆရပြီး အခုကတည်းက တင်းမာမှုတွေ မြင့်တက်နေတဲ့ ဒေသထဲမှာ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု အလားအလာတွေကို မြင့်တက်လာစေနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကတော့ နျူကလီးယား စွမ်းအင်ဆိုင်ရာ သဘောတူညီမှုနဲ့အတူ အပြန်အလှန် ထိန်းညှိကာကွယ်ရေး သဘောတူ စာချုပ် တစ်ရပ်ကိုပါ တစ်ပါတည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာထားပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ အချိန်ယူ ညှိနှိုင်းပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်မှုအတွက် နှစ်နိုင်ငံကြား နောက်ဆုံးမှာ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း၊ ဒီသဘောတူညီချက်ဟာ နျူကလီးယားလက်နက် ထိန်းချုပ်ရေး အပါအဝင် စီးပွားရေးနဲ့ မဟာဗျူဟာ ရည်မှန်းချက်တချို့ ပြည့်မြောက်စေဖို့လည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဆော်ဒီအစိုးရကလည်း သီးခြားကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အခု သဘောတူညီမှုဟာ နှစ်နိုင်ငံကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်ထားတဲ့ စွမ်းအင်ကဏ္ဍကို ပိုမို မြှင့်တင်တဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ညွှန်းဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ ဝန်ကြီးချုပ်ဖြစ်သူ မိုဟာမက် ဘင်ဆယ်လ်မန်က အမေရိကန်ဆီ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ချိန်မှာ အခု သဘောတူညီချက်အတွက် နောက်ဆုံးအဆင့် သတ်မှတ်ချက်တွေကို ညှိနှိုင်းနိုင်ခဲ့တာလို့ သိရပါတယ်။

ဆော်ဒီဟာ အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန် စစ်စခန်းတချို့ကိုလည်း ဆော်ဒီမှာ အခြေစိုက်ထားပါတယ်။ အီရန်စစ်ပွဲ ကာလအတွင်းမှာလည်း ဆော်ဒီဟာ အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ကြုံခဲ့ရပါတယ်။

အခုသဘောတူညီမှုကြောင့် ဆော်ဒီဟာ ကိုယ်တိုင် နျူကလီးယားလက်နက် ထုတ်လုပ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေး သုတေသီတွေက ဒီကိစ္စ လက်တွေ့ ဖြစ်လာဖို့ ဆယ်စုနှစ်တွေနဲ့ချီ အချိန်ကြာမြင့်နိုင်သလို အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း ဖိအားပေး တားဆီးလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

အခု သဘောတူညီချက်ကို တရားဝင် အတည်ပြုဖို့အတွက် အမေရိကန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ခံယူမှာဖြစ်ပြီး အတိုက်အခံ ဒီမိုကရက်တစ် ပါတီဖက်က အမတ်တချို့က ကန့်ကွက်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ လွှတ်တော် နှစ်ရပ်လုံးကို ရွေးကောက်ခံ အမတ်အင်အား အသာစီး အခြေအနေနဲ့ ထိန်းချုပ်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဆော်ဒီအနေနဲ့ အနာဂတ်မှာ နျူကလီးယားလက်နက် တည်ဆောက်နိုင်စွမ်း ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။ သူက အမေရိကန်ဟာ နျူကလီးယား လက်နက်အန္တရာယ် တိုးပွားလာစေမယ့် ဘယ်လို သဘောတူညီမှုမျိုးကိုမှ ဘယ်နိုင်ငံနဲ့မှ ရယူမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ဆော်ဒီရဲ့ အိမ်နီးချင်းဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့လည်း ၂၀၀၉ ခုနှစ်တုန်းက နျူကလီးယား စွမ်းအင်ဆိုင်ရာ သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။ အဓိက ကွာခြားချက်ကတော့ ယူအေအီးဟာ လောင်စာအတွက် ကိုယ်တိုင် ယူရေနီယမ် သန့်စင်ခွင့် မရခဲ့သလို တခြားသော ကန့်သတ်ချက် တော်တော်များများကိုလည်း လက်ခံခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ထိန်းချုပ်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အန္တရာယ် များလှတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။