အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့က အာသံပြည်နယ် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေက ရေကြီးမှုတွေအတွင်း လူ ၄၁ ဦးထက်မနည်း အသက်ဆုံးရှုံးကြောင်း ကြေညာခဲ့ပြီး ကယ်ဆယ်ရေးနဲ့ ကူညီနေရာချထားရေး အစီအစဉ်တွေကို အပူတပြင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
မိုးရာသီမှာ အိန္ဒိယနိုင်ငံအနှံ့ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိပြီး နွေရာသီ ဆိုရင်တော့ နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဟာ အလွန်အကျွံ ပူပြင်းတာ၊ ရေခန်းတာတွေ ကြုံရလေ့ ရှိပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ် အခံရဆုံး နိုင်ငံတွေထဲက တစ်ခုလို့လည်း သိပ္ပံ ပညာရှင်တွေက ပြောကြားထားပါတယ်။
ဇွန်လမှာ စတင်တဲ့ မိုးရာသီကနေ လက်ရှိ အချိန်ထိတော့ အဖိုးတန် လူ့အသက် ၄၁ ချောင်းထိ အာသံက ရေကြီးမှုတွေအတွင်း ဆုံးရှုံးခဲ့တယ်ဆိုတာ အတည်ပြု သိရှိထားကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဟိုင်မာတာ ဘစ္စဝါ ဆာမားက လူမှုကွန်ရက်မှာ ရေးသား ကြေညာခဲ့ပါတယ်။

Public Service Announcement
အခုနှစ်အတွင်း အာသံက မိုးရွာသွန်းမှုတွေဟာ ပျမ်းမျှ မိုးရေချိန်ထက် လေးဆခွဲလောက်ထိ ပိုများပြားတာကြောင့်လည်း မြို့ရွာတွေမှာ မကြုံစဖူး ရေလွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့တယ်လို့ ဆာမားက ဆိုပါတယ်။
ပြည်နယ်ထဲက အေဂျင်စီတွေအပြင် အိန္ဒိယ လေတပ်နဲ့ တခြား အဖွဲ့အစည်းတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နာရီမလပ် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြောင်း၊ အာသံမှာ ကယ်ဆယ်ရေးစခန်း ၁၅၀ ဖွင့်လှစ်ပေးထားပြီး လူပေါင်း ၃ သောင်းလောက်ကို ယာယီ နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
အာသံမှာ ကျေးရွာပေါင်း ၁၈၀၀ က လူပေါင်း ၉ သိန်းလောက် ရေဘေးသင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြည်နယ် အစိုးရရဲ့ သီးခြား ထုတ်ပြန်ချက် တစ်ခုမှာတော့ ဝေးလံသီခေါင်ပြီး ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်နေတဲ့ ကျေးရွာတွေဆီကို ဒရုန်းတွေ အသုံးပြုပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ပေးနေကြောင်း ပါရှိခဲ့ပါတယ်။
အိန္ဒိယ လေတပ်ကလည်း ရေဘေးသင့် ဒေသတွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေကို အနီးစပ်ဆုံး နေရာထိ သွားရောက်ပြီး ချပေးနေတယ်လို့ ပြောပါတယ်။
အိန္ဒိယမှာ လယ်ယာလုပ်ငန်းအတွက် မိုးကို မျှော်ကြပေမယ့်လည်း တစ်ဖက်မှာတော့ ဆိုးရွားတဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေလည်း တွဲပြီး ပါလာတတ်တာ ဖြစ်ပါတယ်။
ဇွန်လကနေ ဩဂုတ်လထိ မိုးတွင်းကာလအတွင်း အိန္ဒိယမှာ လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ ရေကြီးမှု၊ မြေပြိုမှု၊ မုန်တိုင်းတိုက်ခတ်မှုတွေ ပုံမှန် ကြုံရတတ်ပေမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ မြို့ပြဧရိယာ ချဲ့ထွင်မှုတွေနဲ့ပါ ပေါင်းဆုံပြီး အဲဒီလို ကိစ္စတွေဟာ အကြိမ်ရေ ပိုများလာသလို ပိုပြီးလည်း ဆိုးရွားလာနေကြောင်း သိပ္ပံ ပညာရှင်တွေက ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းမှာရှိတဲ့ နာဂလန်းနဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား အစိတ်အပိုင်းမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကိုးကား: AFP


















































