ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့မှာ ပြင်သစ် အာဏာပိုင်တွေက ဘောဒိုးစ်မြို့တဝိုက်မှာ နေထိုင်သူ ၆ သောင်းလောက်ကို ရွှေ့ပြောင်းကြဖို့ ညွှန်ကြားခဲ့ပါတယ်။ အခုဆိုရင် ပြင်သစ်နဲ့ အိမ်နီးချင်း စပိန်နိုင်ငံတို့မှာ တောမီးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူဟာ ၂ သိန်း ၂ သောင်းကျော် မြင့်တက်လာပါပြီ။ ပြင်သစ် အနောက်တောင်ပိုင်းမှာရှိတဲ့ ဂီယွန်ဒီနဲ့ လန်ဒေးစ် ဒေသတွေမှာလည်း လူ ၂ သိန်း နီးပါးလောက် ရွှေ့ပြောင်းထားရပါတယ်။
ပြင်သစ်မှာတော့ သမ္မတ အီမန်နျူရယ်လ် မာခရွန်က တောမီးနှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာ မီးသတ်နဲ့ ကယ်ဆယ်ရေးတွေ မနိုင်ဝန် ထမ်းနေရတာကြောင့် စစ်တပ်ကိုပါ ဝင်ကူပေးဖို့ ညွှန်ကြားထားပါတယ်။ စပိန် သတင်းဌာနတွေက တောမီးအန္တရာယ်ကို အလွန့်အလွန် ကြီးမားတဲ့အဆင့် XXL တောမီးလို့ ဖော်ပြကြပါတယ်။ ဇူလိုင် ၂၄ ရက်မှာတော့ ဘောဒိုးစ်မြို့နားက မြို့ငယ်လေးခုမှာ နေထိုင်သူတွေကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ဂီယွန်ဒီ တောမီးဟာ ဟက်တာပေါင်း ၁၉၀၀၀ လောက်ကို ဝါးမျို ဖျက်ဆီးခဲ့ပြီးဖြစ်သလို အိမ်ခြေ ၈၀ လောက်လည်း မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement
စပိန်မှာလည်း မက်ဒရစ် မြို့တော်နား ပျံ့နှံ့လောင်ကျွမ်းနေတဲ့ တောမီးသုံးခုဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ကြီးထွားလာနေပါတယ်။ စပိန် အစိုးရက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားပြီး လူပေါင်း ၂ သောင်းခွဲ လောက်ကို ခြွင်းချက်မရှိ ရွှေ့ပြောင်းဖို့၊ နောက်ထပ် ၄ သောင်းလောက်ကို အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြဖို့ နှိုးဆော်ထားပါတယ်။
မက်ဒရစ်နားက တောမီးဟာ ထိန်းချုပ်ငြှိမ်းသတ်ရခက်တဲ့ အဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြီး အရှိန်လည်း ပိုကောင်းလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဥရောပမှာ အပူလှိုင်းဖြတ်တဲ့ ဒဏ်ကြောင့် အပူချိန် မြင့်တက်နေတာ၊ လေပြင်းတွေ တိုက်ခတ်နေတာတွေက တောမီးတွေကို အားပေးအားမြှောက်သလို ဖြစ်နေပါတယ်။
မက်ဒရစ်နားက တောမီးတွေကို လောလောဆယ် ဦးချိုးပစ်ဖို့ မဖြစ်နိုင်သေးကြောင်း၊ ဒါကြောင့် မီးကူးစက်မှုတွေကို အတတ်နိုင်ဆုံး တားဆီးမယ့် ကြိုတင် ပြင်ဆင်မှုတွေကို ဦးစားပေး လုပ်ဆောင်နေကြောင်း အရေးပေါ် တုံ့ပြန်ရေး အေဂျင်စီ အရာရှိတွေက ပြောပါတယ်။
မက်ဒရစ် တဝိုက်မှာ တောမီးတွေကြောင့် ပြာကျလောင်ကျွမ်းသွားတဲ့ မြေအကျယ်အဝန်းဟာ ဟက်တာ ၆၀၀၀ လောက် ရှိနေပါတယ်။ ဒါတင် မကသေးဘဲ အဗီလာ ဧရိယာနားမှာ သီးခြားလောင်ကျွမ်းနေတဲ့ နောက်ထပ်တောမီးကြောင့်လည်း သစ်တောမြေ ဟက်တာ ၉၀၀၀ လောက် ဆုံးရှုံးထားပါတယ်။ လောလောဆယ်မှာတော့ အဲဒီတောမီးနှစ်ခုပါ ထပ်ပြီး ပေါင်းစည်းမသွားအောင် မီးသတ်တပ့်ဝင်တွေက အစွမ်းကုန် ကြိုးစားနေပါတယ်။
စပိန် ဝန်ကြီးချုပ် ပက်ဒရို ဟွမ်းချက်ဇ်က ဇူလိုင် ၂၅ ရက်နေ့မှာ တောမီးနှိမ်နင်းရေး ဦးဆောင်လှုပ်ရှားနေတဲ့ အရာရှိတွေကို သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အစောပိုင်းမှာ ဝန်ကြီးချုပ်က လက်ရှိ တောမီး အခြေအနေဟာ အထူးစိုးရိမ်စရာ ဖြစ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ နိုးနိုးကြားကြား နေထိုင်ဖို့၊ တာဝန်ရှိသူတွေဆီက ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
ရာသီဥတု ပူပြင်းမှုကြောင့် စပိန်နဲ့ ပြင်သစ်အပါအဝင် ဥရောပ နိုင်ငံတချို့မှာ တောမီးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တောမီးဒဏ် ခံစားနေရတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ အပါအဝင် တောမီး နှိမ်နင်းရေး အကူအညီတွေ ပေးပို့နေကြောင်း ဥရောပ သမဂ္ဂ (EU)က ကြေညာထားပါတယ်။
ကိုးကား: BBC


















































