ဇူလိုင်-၂၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို လက်နောက်ပြန်လက်ထိပ်ခတ်ပြီး ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ သတ်ဖြတ်အလောင်းဖျောက်မှုဖြစ်ပွားပြီး သံသယတရားခံ သုံးဦးကိုအာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူအမျိုးသမီးငယ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာမှ အသက်နှစ်ဆယ် ကျော်အရွယ် မနှင်းနှင်းဝေဖြစ်ပြီး သူမဟာ သူငယ်ချင်းတွေနဲ့အတူ မြောင်(ရေတံခွန်)ကို ရေကစားဖို့ ဇူလိုင် ၁၈ ရက် နေ့က သွားခဲ့ကြရာကနေ ငါးရက်ကြာပျောက်ဆုံးနေခဲ့ပြီး ၂၂ ရက်နေ့မှာမှ အလောင်းပြန်တွေ့ခဲ့တာပါ။
သူမဟာ အသတ်မခံရခင် အဓမ္မပြုကျင့်ခံခဲ့ရပြီး သေဆုံးလျက်တွေ့ရချိန်မှာလည်း အောက်ပိုင်းအဝတ်ဗလာနဲ့လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်၊ ခြေထောက်နှစ်ချောင်းကို ဆိုင်ကယ်တာယာ(ကျူး)နဲ့ချည်ထားကာ ရင်သား အပါအဝင် ခန္ဓာကိုယ်အနှံမှာလည်း ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“တော်တော်ကြီးကို ရက်ရက်စက်စက်၊ လူမဆန်အောင်ကို လုပ်ထားခဲ့တာ။ လက်ထိပ်တွေခတ်၊ ဆံပင်တွေကိုပါ ခေါင်းတုံး တုံးထားခဲ့တယ်။တခန္ဓာလုံးကိုလည်းရိုက်နှက်ထားသေးတယ်။ဓါးတွေနဲ့ပါလှီးဖြတ်ထားတယ်။မိသား စုတွေလိုက်ရှာမှ တွေ့ရတာ”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီအမျိုးသမီးငယ်ဟာသူငယ်ချင်းတွေနဲ့အတူယိုးတရုတ်မြောင်(ရေတံခွန်)ဆီ သွားဖို့ ပြင်ဆင်နေချိန် အမျိုးသားတဦးကဆိုင်ကယ်နဲ့ ခေါ်သွားပြီးတဲ့နောက် ပျောက်နေခဲ့တာဖြစ်ပြီး အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ် တောင် ပေါက်ရွာအနီးရှိ ကျောက်ကွင်းမြောင်အနီးမှာ ပြန်တွေ့ခဲ့ရတာပါ။
အဲဒီလိုအဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရတဲ့အမျိုးသမီးငယ်ကိစ္စအတွက် တရားခံဖမ်းဆီးရမိရေးအတွက် အသည်းအသန် ကြိုးပမ်းနေပြီးလက်ရှိမှာသံသယတရားခံသုံးဦးကို ဖမ်းဆီး၊ စစ်ဆေးနေတယ်လို့ AA ရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန် ထားပါတယ်။ အဲဒီဖမ်းဆီးထားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ မထားပါဘူး။
“တရားခံကို အမြန်ဆုံးဖော်ထုတ်ဖို့လိုတယ်။ မဟုတ်ရင်တရားခံလွတ်သွားမှာစိုးရိမ်ရတယ်။ဒီလပ်ကလည်း အ ရေးတစိုက်နဲ့ လုပ်ဖို့ တိုက်တွန်းပါတယ်” လို့ မြောက်ဦးမြို့နယ်မှ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီးပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး၊ အာရက္ခအမျိုးသမီးများအသံစတဲ့ အဖွဲ့အစည်းတွေက လည်း ထုတ်ပြန်ချက်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။
ဒီလိုတရားလက်လွတ်လူမဆန်စွာမုဒိမ်းကျင့်သတ်ဖြတ်မှုဟာရခိုင်အမျိုးသမီးထုကို အပြင်းအထန်ဆုံးသော စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥ ပဒေစိုးမိုးရေးကိုလည်း မထီမဲ့မြင်ပြုတာဖြစ်တဲ့အအတွက် ပြင်းပြင်းထန်ထန်အရေးယူပေးဖို့လိုတယ်လို့ အာရက္ခ အမျိုးသမီးများအသံက ထုတ်ပြန်တောင်းဆိုထားပါတယ်။
ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးကလည်း လူသတ်မုဒိမ်းကျင့်အလောင်းဖျောက်ခဲ့တဲ့ကတရားခံကို ဥပဒေနဲ့အညီ အမြန်ဆုံး ပြင်းထန်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နောက်လူတွေ မလုပ်ရဲလောက်အောင်အပြစ်မျိုးပေးဖို့ ပုဏ္ဏားကျွန်း လူငယ်ထုကိုယ်စား တောင်းဆိုကြောင်း သဘောထားထုတ်ပြန်ပါတယ်။
“Psychopath ဆန်ဆန်နဲ့ ရက်ရက်စက်စက်မိန်းကလေးတယောက် အသတ်ခံရတာ ကြားရမြင်ရတာအရမ်းထိတ်လန့်မိတယ်။ ခုလက်ရှိရခိုင်မှာမုဒိန်းမှုတွေများလာပြီးဘယ်တရားခံကိုမှ ထိရောက်တဲ့အပြစ်ပေးမှုမျိုး မမြင် ရဘူး။ ဒါက အမျိုးသမီးတွေအတွက် စိတ်လုံခြုံမှုကင်းမဲ့တဲ့ပတ်ဝန်းကျင်လို့ ခံစားရစေပါတယ်။ နောက်တခုက victim blaming လုပ်တာမျိုးလည်း မရှိစေချင်ဘူး။ ဒီလိုလူကို သေဒဏ်ထိ ပေးစေချင်တယ်” လို့ မြေပုံမြို့နယ်မှ လူ ငယ်အမျိုသမီးတဦးဖြစ်တဲ့မဝေနှင်းက ပြောပါတယ်။
လူသတ်မှုနဲ့ မုဒိမ်းမှုတပြိုင်နက်တည်းကျူးလွန်သူကို သေဒဏ်ထိချမှတ်လို့ရပြီး သေဒဏ်ချ၊ မချဆိုတာဟာ အမှုကို ကိုင်တွယ်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာသာမူတည်တယ်လို့ရခိုင်ဒေသခံတရားလွှတ်တော်ရှေ့ နေတဦးက ထောက်ပြပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ သူတို့တပ်ဖွဲ့ဝင်တွေထဲက မုဒိမ်းမှုကျူးလွန်တာတွေ ရှိခဲ့ရင် သေဒဏ်ပေးတာမျိုး ရှိတယ်လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော်ထိရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
“ဥပဒေစိုးမိုးမှုအားနည်းတာနဲ့လည်း ဆိုင်မယ်။ နောက်တခုက ကိုယ့်အစိုးရရဲတပ်ဖွဲ့ဝင်တွေ အတွေ့အကြုံ နည်း တာကြောင့် တရားခံလွတ်သွားတာတွေရှိတယ်။ တရားရေးမှာလည်း အမိန့်ချဖို့ဟာတွေမှာ အားနည်းချက်တွေ ရှိ နေပါသေးတယ်” လို့ ကျောက်တော်မြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကမြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာ နတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

















































