ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။
ဘောဒိုးစ်မြို့ရဲ့ မြို့တော်ဝန် သောမတ်စ် ကာဇီနာဗီက ဖြစ်နိုင်ခြေ အားလုံးကို ကြိုတင်မျှော်လင့်ထားပြီး လိုအပ်တဲ့ ပြင်ဆင်မှုတိုင်းကို အပတ်တကုတ် လုပ်ဆောင်နေကြောင်း ဇူလိုင် ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ပြင်သစ်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက တစ်ခုဟာ အခုဆိုရင် ဘောဒိုးစ်မြို့ရဲ့ အနောက်တောင်ဖက် ၉ မိုင်လောက် အကွာထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘောဒိုးစ်ဟာ ဝိုင်လုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ရာသီဥတု အပူချိန် ဆိုးဆိုးရွားရွား မြင့်တက်မှုကြောင့် ပြင်သစ် အပါအဝင် ဥရောပ နိုင်ငံတွေမှာ တောမီးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးလောင်ကျွမ်းမှုတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့ထားတဲ့ ဂီရွန်ဒါ ဒေသကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကတော့ သူ့နိုင်ငံဟာ ဘယ်တုန်းကမှနဲ့ မကြုံဖူးတဲ့ တောမီးခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။
တောမီးကိစ္စဟာ ပြင်သစ်အတွက်တော့ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်လာနေတယ်လို့လည်း မာခရွန်က ဆိုပါတယ်။ တောမီးတွေကြောင့် ပြင်သစ်မှာ လူပေါင်း ၂၂၀၀၀၀ လောက် အရေးပေါ် ရွှေ့ပြောင်းထားရပြီး အိမ်နီးချင်း စပိန်နိုင်ငံမှာလည်း လူ ၁၀၀၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။

Public Service Announcement
ဇူလိုင် ၂၈ ရက်နေ့မှာလည်း နေ့အပူချိန် ဆက်လက် မြင့်တက်နေပြီး လေပြင်းတွေ တိုက်ခတ်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားတဲ့အတွက် ပြင်သစ် မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ မီးထိန်းချုပ်ရေး အားထုတ်မှုတွေမှာ အတားအဆီးတွေ ကြုံရဖွယ် ရှိနေပါတယ်။
လန်ဒက်စ် ဒေသထဲက ပမာဏ သေးငယ်တဲ့ တောမီးတစ်ခုကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပေမယ့် ဂီရွန်ဒီမှာတော့ တောမီးကူးစက်မှုတွေက အရှိန်ကောင်းနေဆဲပါ။
ဘောဒိုးစ်မြို့နားကို တောမီးတွေ နီးကပ်လာချိန်မှာ ဘောဒိုးစ်ရဲ့ တောင်ဖက်က မြို့ငယ်လေး ဆီစတက်စ်ရဲ့ မြို့တော်ဝန် ဂျရုမ်း စတက်ဖီက လက်ရှိ တောမီးတွေဟာ ရာစုနှစ်အတွင်း ကြုံဖူးသမျှ အဆိုးဆုံး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ မြို့လေးမှာ နေထိုင်သူ ၁၇၀၀၀ လောက်ကို ကတိုက်ကရိုက် ရွှေ့ပြောင်းထားရကြောင်းလည်း စတက်ဖီက ဆိုပါတယ်။
ဘောဒိုးစ်နဲ့ အနီးတဝိုက်မှာတော့ မြေအကျယ်အဝန်း ဧက ၁၀၃၀၀၀ ကျော် မီးသင့်ပြာကျခဲ့ပြီး အိမ်ပေါင်း ၂၄၀ လည်း ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ဆီစတက်စ် မြို့လေးရဲ့ အခြေအနေကတော့ ကမ္ဘာပျက်နေသလိုပဲလို့ စတက်ဖီက ဆက်ပြောပါတယ်။
တောမီးကူးစက်မှုတွေရဲ့ မြန်နှုန်းက အရမ်းမမြန်ပေမယ့်လည်း မီးသတ်ဝန်ထမ်းတွေဟာ မနိုင်တဲ့ စစ်ပွဲကို တိုက်နေရသလို ဖြစ်နေပြီး တရွေ့ရွေ့ ကျယ်ပြန့်လာတဲ့ မီးလောင်ပြင်ကို တားဆီးဖို့ ရုန်းကန်နေရဆဲလို့လည်း သိရပါတယ်။ ပြီးတော့ ဘောဒိုးစ်တဝိုက်မှာ လေတိုက်ရာ လမ်းကြောင်းတွေ ရုတ်တရက် ပြောင်းသွားလေ့ ရှိတာကလည်း မီးလမ်းကြောင်းကို တားဆီး ထိန်းချုပ်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
အိမ်နီးချင်း စပိန်မှာလည်းပဲ တောမီးအန္တရာယ်ကြောင့် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေပါ ထုတ်ပြန်ထားရပါတယ်။ တောမီးတွေထဲက တစ်ခုဟာ စပိန်ရဲ့မြို့တော် မက်ဒရစ် အနောက်ဖက်မှာ အရှိန်ကောင်းကောင်းနဲ့ ကူးစက် လောင်ကျွမ်းနေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC

















































