ဇူလိုင် ၃၀၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။
မနေ့က ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ A လမ်းနဲ့ ၁၁၈ လမ်းထောင့်အနီး ဇော်ဂျီလမ်းမှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ သားအဖ ၂ဦးကို အမျိုးသား ၁ဦးက ဓားနဲ့ထိုးခဲ့ကြောင်း၊ ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားပြီး သမီးဖြစ်သူမှာလည်း ဆေးရုံမှာ ကုသနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“အဖေနဲ့စကားများရန်ဖြစ်ပြီး အဖေကို ၀င်ထိုးတာပါ။ သမီးရောထိုးခံရတာပါ။ ကောင်မလေးက အိမ်ထောင်ရှိပါတယ်။ထိုးတဲ့သူက သူ့ကောင်လေးလည်း မဟုတ်ပါဘူး”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဓားနဲ့ထိုးတဲ့သူက အခင်းဖြစ်နေရာမှာတင် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့သားအဖဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာ၊ စည်သာရပ်ကွက်ကဖြစ်ပြီး မန္တလေးမြို့ပေါ် စစ်ဘေးရှောင်ရင်း ကွမ်းယာရောင်းချနေချိန် ယခုလို ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓားထိုးခံရတဲ့သားအဖရဲ့ဇာတိ ငါန်းမြာကြီးကျေးရွာက စစ်တပ်အထိုင်စခန်းကို ၂၀၂၄ သြဂုတ်မှာ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
စက်တင်ဘာမှာတော့ အာဏာသိမ်းစစ်တပ်က ငါန်းမြာကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဲဒီကတည်းက ဒေသခံတွေဟာ ရပ်ဝေးရပ်နီးဒေသတွေမှာ သွားရောက်စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။


















































