ဇူလိုင် ၃၀၊ ၂၀၂၆။ထားမြတ်/People’s Spirng
ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဇူလိုင် ၂၉ရက် သတင်းဖော်ပြချက်မှာ ကချင်ဒေသ စစ်ရေးအခြေအနေအချို့ကို အခုလို ဖော်ပြထားတာပါ။
KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂) နယ်မြေ ရွှေကူမြို့နယ်အတွင်းရှိ ကိုင်းကျေးရွာမှာ ဇူလိုင် ၂၈ရက်က တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ ရွှေကူမြို့အခြေစိုက် စစ်တပ် ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးလာလို့ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ ကိုင်းရွာနဲ့ တော်လှန်ကျေးရွာကို Y12 လေယာဉ်နဲ့ ဗုံးအလုံး ၆၀ကျော်ကြဲချ တိုက်ခိုက်ခဲ့သလို ရှမ်းမြောက် မဘိမ်းမြို့ကိုလည်း စစ်တပ်က ပေါင် ၃၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ဒေသခံတွေ ထိခိုက်တာ နေအိမ်တွေပျက်စီးတာရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်-မော်လူးဘက်မှာလည်း နေ့စဉ် တိုက်ပွဲဖြစ်နေကြောင်း ဖော်ပြပါတယ်။
စစ်တပ်ရဲ့ ခမရ(၅၂၁) တပ်ရင်းက ဇူလိုင် ၂၇ရက်မနက်မှာ ထိုးစစ်ပြန်စလာလို့ အောင်မြင်သာရွာအပါအဝင် ဒေသတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ် ဧပြီလကုန်ကနေ စစ်ကိုင်း-ကချင်အစပ် ရထားသံလမ်းလျှောက် တိုက်ပွဲတွေဖြစ်နေတာလို့ အသိပေးပါတယ်။ ၂၀၂၄ ကတည်းက KIA ပူးပေါင်းတပ်က အင်းတော်ဒေသကို သိမ်းပိုက်ထားရာ စစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေတာလို့လည်း အသိပေးထားပါတယ်။


















































