ဩဂုတ်-၁၊၂၀၂၆။ဆဏ်း/People’s Spring
အမေရိကန်နိုင်ငံရောက်တော်လှန်အနုပညာတွေနဲ့ ဖွဲ့စည်းထားတဲ့ အဝေးရောက်ကဖေး(The Distant Cafe) အဖွဲ့သားတွေက ဂီတ နဲ့ သရော်ပြဇာတ်တွေပါဝင်မယ့် အဝေးရောက်နတ်မင်းများ ဖျော်ဖြေပွဲကို ဆန်ဖရန်စစ္စကို မြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
” အဓိကကတော့ အမေရိကားမှာ ရှိကြတဲ့ တော်လှန်ပြည်သူတွေအတွက် ပုံစံလေး တစ်မျိုးဆန်းပြီးသွားချင်တယ်။ ပုံစံကို အမြဲတမ်း ရိုးသွားမှာစိုးလို့ ၊ Concert တွေချည်းပဲ တောက်လျှောက် သွားနေတာကျတော့ ရိုးသွားမှာ ဖြစ်တဲ့အခါကျတော့ တစ်မျိုးလေးဆန်းအောင်ဆိုပြီး စဉ်းစားကြတာ။ အဲဒါနဲ့ ဂီတနဲ့ ပြဇာတ်ဆိုပြီး စဉ်းစားတာ။ ပြဇာတ်ဆိုတာတောင် ရိုးရိုးပြဇာတ်မဟုတ်ဘူး။ သရော်ပြဇာတ် ။ ဟာသဆန်မယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ တိုင်းပြည်ထဲမှာရှိတဲ့ အလွဲတွေကို ထောက်ပြမယ့် သရော်ပြဇာတ်ပုံစံမျိုးလေး။” လို့ The Distant Cafe အဖွဲ့ဝင် အဆိုတော် လင်းထက်က ပြောပါတယ်။
သရော်ပြဇာတ်အတွက် ဇာတ်ညွှန်းကို Artists’ Shelter က ကို Lမင်းပြည့်မွန်က ရေးသားပေးထားပြီး ဇာတ်မင်းသားကြီး မိုးမင်းတို့နဲ့ ပူးပေါင်းတင်ဆက်သွားမယ်လို့ ပြောပါတယ်။

Public Service Announcement
“တခြားပြည်နယ်တွေကိုလည်း ဒီပုံစံနဲ့ပဲ ဒီတစ်နှစ်လုံးပတ်မယ်ပေါ့။ ဒီကရတဲ့ ပိုက်ဆံတွေကိုလည်း မြေပြင်ကိုစီးဆင်းဖို့လည်းရှိတယ်။” လို့ ဖျော်ဖြေပွဲရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လင်းထက်က ပြောပါတယ်။
သရော်ပြဇာတ်မှာ The Distant Cafe ကအဆိုတော်တွေလည်း ပါဝင်မှာဖြစ်ပြီး အမေရိကန်ကိုရောက်နေတဲ့ အခြားအနုပညာရှင်တွေလည်းပါဝင်မယ်လို့ ဆိုပါတယ်။
“သရော်ပြဇာတ်က သရုပ်ဆောင်ပိုင်းကလူတွေလည်းပါတယ်။ အဆိုတော်တွေလည်း ပါမယ်။ ထူးထူးခြားခြား ဒီမှာရှိကြတဲ့ အနုပညာရှင်တွေ ပေါင်းစပ်ပြီးတော့ မလုပ်ဖူးတာတွေဖြစ်တယ်။ အားလုံးအတက်နိုင်ဆုံး ဝိုင်းလုပ်ကြမယ်။” လို့ လင်းထက်က ပြောပါတယ်။
ပွဲမှာပါဝင်တဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေကိုတော့ The Distant Cafe ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာသွားမယ်လို့ ပြောပါတယ်။
ဖျော်ဖြေပွဲလက်မှတ်တွေကို အမေရိကန်ဒေါ်လာ ၅၀ ၊ ၁၀၀ နဲ့ ၁၅၀ သတ်မှတ်ထားပြီး ဝယ်ယူနိုင်မယ့်နေရာတွေကို The Distant Cafe ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။
“အဓိကကတော့ တော်လှန်ရေးအတွက်ကို ဒီဘက်ကိုရောက်ကြတဲ့ အနုပညာရှင်တွေက ရုန်းကန်နေကြတယ်။ အဲဒါကို ရဲဘော်တွေ ပြည်သူတွေကို သိစေချင်တယ်။ ကျွန်တော်တို့က အမြဲတမ်းလိုလို ရပ်မသွားဘူး။ The Distant Cafe က Slogan ကိုက ရပ်မသွားဘူး။ ဆက်သွားဦးမှာဆိုတာ။ ငါတို့ကရပ်မသွားဘူး။ ဆက်သွားဦးမှာ။ကျွန်တော်တို့က ရဲဘော်တွေနဲ့အတူတူ ဒီတော်လှန်ရေးရှိသ၍ကာလပတ်လုံး ဆက်သွားမယ်ဆိုတဲ့ဟာကို ပြချင်တာလည်းပါတယ်။အဲဒါကြောင့် ကျွန်တော်တို့ အသစ်သော အိုင်ဒီယာတွေကို ဖန်တီးနေတယ်။ တော်လှန်ရေးစကတည်းက ကျွန်တော်တို့တော်လှန်ရေးက လတ်ဆတ်တဲ့တော်လှန်ရေး။ အသစ်အသစ်တွေပဲ ပြလာတဲ့ တော်လှန်ရေးဖြစ်တယ်။ဒါကိုလည်းဆက်ပြီး Carrier လုပ်ချင်တာ။” လို့ လင်းထက်ကပြောပါတယ်။
The Distant Cafe မှာ ရန်ရန်ချန်း ၊ Cobra ၊ လင်းနစ် ၊ ဒီဂျေဝိုင်း နဲ့ လင်းထက်တို့အပါအဝင် အမေရိကန်ရောက် တော်လှန်အနုပညာရှင်တွေစုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ပြည်တွင်းကလိုအပ်တဲ့နေရာတွေကို ထောက်ပို့နိုင်ဖို့ ရန်ပုံငွေ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေပေးနေကြတာပါ။

















































