-မောင်မောင်/People’s Spring
“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့”
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။
ကျောင်းဖွင့်တာ တစ်လကျော်သာ ရှိသေးတဲ့အချိန်မှာကျောင်းပိတ်ဖို့ အထက်ကခိုင်းတယ်ဆိုတဲ့ သတင်းစကားနဲ့ အနက်ရောင်နယ်မြေဆိုတဲ့ စကားရပ်ဟာ ကျောင်းသားမိဘတွေ အတွက်သာမက ရွာထဲမှာရှိကြတဲ့သူအားလုံးကိုပါ စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တာပါ။

Public Service Announcement
“ပညာရေးမှူးက အနက်ရောင်နယ်မြေမို့လို့ ကျောင်းပိတ်လိုက်ပါလို့ပြောတာတဲ့။” ကျောင်းသားမိဘဖြစ်တဲ့ မဦးက အစည်းအဝေးမှာ ဆရာ၊ဆရာမတွေဆီက ကြားရတာကို ပြန်ဖောက်သည်ချပါတယ်။
ကျောင်းသူနှစ်ဦးရဲ့မိခင်မရွှေစင်ကလည်း
“ဒီနယ်မြေလေးတင်ပိတ်လိုက်တာပေါ့ဗျာ။ အနက်ရောင်နယ်မြေ သတ်မှတ်လိုက်တာတဲ့။ အထက်က ပိတ်တာပေါ့။ ဆရာဆရာမတွေ အသက်အန္တရာယ်များလို့ ပိတ်ခိုင်းတာ။ ဒါပေဆိုလို့ သူတို့က တော့ ရပ်ရွာတွေနဲ့ ညှိကြည့်ပေါ့။ ရပ်ရွာကလူတွေက ဖွင့်ချင်တယ်ဆိုရင် ကျောင်းသားမိဘတွေနဲ့ညှိကြည့်ပေါ့။ ညှိကြည့်လို့မှ ဖွင့်မယ်ဆို ဖွင့်ပေးလိုက်ပေါ့ ပိတ်ခိုင်းတယ်ဆို လုံးလုံးပိတ်လိုက်လို့ ပြောတာတဲ့ အထက်က” လို့ ကျောင်းအစည်းအဝေးမှာ ကြုံရတဲ့ သတင်းစကားကို ပြန်ပြောပြပါတယ်။
အခုလိုသတင်းစကားရရှိတာဟာ မဦးတို့၊ မရွှေစင်တို့ တရွာတည်းတော့ မဟုတ်ပါဘူး။ ရွာနီးချုပ်စပ် ကျေးရွာတွေကစာသင်ကျောင်းတွေမှာလည်းအလားတူပါပဲ။ဒီဒေသမှာ မြေပြင်ကျောင်းတွေဟာ စစ်ကောင်စီကျောင်းလို့ အလွယ်ခေါ်ကြတဲ့ စစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်က ကျောင်းတွေပါ။
ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်တာ၊ အနက်ရောင်နယ်မြေဖြစ်လို့ အညိုရောင်နယ်မြေဖြစ်လို့ ကျောင်းပိတ်ဖို့ အထက်က ပြောတာ၊ ဒါပေမဲ့ ကျောင်းသားမိဘတွေက တောင်းဆိုရင်တော့ ကျောင်းဖွင့်လို့ရတယ်၊ ကျောင်းသားမိဘတွေ အာမခံရင် လက်မှတ်
ထိုးရင် စာဆက်သင်လို့ရတယ် စတဲ့ ပြောစကားတွေနဲ့အတူ ဒေသတွင်း ကျောင်းတွေဟာ ဖွင့်မယ်၊ ပိတ်မယ်ဆိုတာ ရေရေရာရာ မရှိလှပါဘူး။
အဲဒီဒေသကို အနက်ရောင်နယ်မြေ လို့ ဘာလို့ သတ်မှတ်ရသလဲ…ဖွင့်တာတောင်မကြာသေးတဲ့ ကျောင်းတွေ ဘာလို့ပိတ်ခိုင်းရသလဲ … ဘာလို့ မိဘတွေက စာသင်ပေးဖို့ လက်မှတ်
ထိုး တောင်းဆိုမှ ကျောင်းတွေ ဖွင့်မယ်လို့ ပြောတာလဲ မေးလာရင် “မဦးတို့ မရွှေစင်တို့ ရဲ့ နယ်မြေဒေသဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတဲ့ ဒေသတွေထဲက တခုဖြစ်နေလို့” လို့ ဖြေရမှာပါပဲ။
ဒီအခြေအနေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း ဒေသအသီးသီးက ကလေးငယ်အများစုရဲ့ ပညာရေးနဲ့ သင်ယူခွင့် ထိခိုက်ပျက်စီးနေရတာ ပညာသင်ယူခွင့်အကြပ်အတည်း ပုံစံမျိုးစုံနဲ့ကြုံနေရတာ ကို ဖော်ပြတဲ့ ပြယုဒ်တခုလည်းဖြစ်ပါတယ်။အထူးသဖြင့် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေဟာ ကလေးငယ်တွေ ပညာသင်ကြားခွင့်အခက်အခဲအပြင် အသက်ရှင်သန်နေထိုင်ရပ်တည်ရေးအတွက်ပါပူပန်မှုတွေကြုံနေကြရတာမျိုးပါ။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ပွဲ ပြင်းထန်ပြီး စစ်မြေပြင် ကျယ်ပြန့်လာတာကြောင့်စာသင်ကျောင်းတွေ ပိတ်ရတာ စာသင်ကျောင်းကို လက်နက်ကြီးကျတာ၊ စာသင်ကျောင်းမှာ စစ်တပ်က တပ်စွဲတာတွေ ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။
“စစ်တပ်ကနေအင်တာနက်ပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ကျောင်းသူကျောင်းသားတွေရဲ့ အွန်လိုင်းပညာရေးသင်စနစ်တွေ သင်ကြားမှုတွေက ပိုပြီးမှ အားနည်းလာတဲ့ အခြေအနေရှိပါတယ်” လို့ ကိုဂျေးကော့က ပြောပါတယ်။
စစ်တပ်က အချိန်မရွေး လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ ကလေးငယ်တွေ လုံခြုံရေးကင်းမဲ့နေရတာ၊ ထိခိုက်သေဆုံးနေရတာတွေဟာအဓိကစိန်ခေါ်မှုဖြစ်တယ်လို့လည်းသူကပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အရပ်ဘက် စစ်ဘက် မခွဲခြားဘဲလေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်နဲ့ စာသင်ကျောင်းပေါင်းများစွာပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရတာ စတဲ့ဖြစ်ရပ်အများအပြားက ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်တွေလည်းဖြစ်ပါတယ်။
အဲဒါကြောင့် စစ်အုပ်စုရဲ့ မြို့နယ်ပညာရေးမှူးက ပေးလိုက်တဲ့ အနက်ရောင်နယ်မြေဆိုတဲ့ သတင်းစကားဟာ မဦးတို့ တရွာလုံး တနယ်လုံး အတွက် စိုးရိမ်မှုရေချိန်မြှင့်ပေးလိုက်သလိုပါပဲ။
အနက်ရောင်နယ်မြေဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းပြဖွင့်ဆိုနိုင်ခြင်းမရှိပေမဲ့ ဒီစကားလုံးဟာ စိုးရိမ်စရာကိစ္စရပ်ဖြစ်တယ်ဆိုတာရယ်၊ ကျောင်းပိတ်လိုက်ရင် အခုမှ ဒုတိယတန်းသာရှိသေးတဲ့ သမီးဖြစ်သူရဲ့ ပညာသင်ကြားခွင့် ရပ်သွားနိုင်တယ် ဆိုတာရယ်ကိုတော့ မဦး တယောက် ကောင်းကောင်းနားလည်ပါတယ်။
ဒါ့အပြင် မဦးအတွက်တော့ မိသားစုဝင်ငွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးနေတဲ့ မုန့်ပြားသလပ် ရောင်းတာကိုပါ ရပ်လိုက်ရမယ့် အခြေအနေမျိုးကြုံရတာမို့ သိပ်မများလှတဲ့ ဝင်ငွေရပေါက်ပါ ပိတ်သွားမယ့်ကိန်းပါ။မုန့်ပြားသလပ်ဆိုတာ ဆန်မုန့်ရည်အနှစ်ကို အိုးကင်း(မြေနဲ့လုပ်ထားတဲ့ ဒယ်အိုးပုံစံအိုး)နဲ့ အပူပေးလို့ရလာတဲ့ အပေါက်ကလေးတွေပါတဲ့ မြန်မာ့ရိုးရာမုန့်တခုဖြစ်ပြီးအညာဒေသမှာ ထင်ရှားပါတယ်။
ကျောင်းဖွင့်တဲ့နေ့တိုင်းလိုလို မဦးရဲ့မုန့်ပြားသလပ် ဆိုင်ဖွင့်တယ်။ကျောင်းပိတ်ရင် ဆိုင်ပိတ်တယ်။ဆိုင်ဖွင့်တဲ့ မနက်ကျောင်းမတက်ခင်နဲ့ နေ့လယ် ကျောင်းဆင်းချိန်မှာ ကျောင်းသားကျောင်းသူတွေ ၀ိုင်းနေတာပါ။ အဲဒီလို ၀ိုင်းကြည့်နေကြပေမဲ့ ကလေးငယ်အားလုံးဝယ်စားနိုင်ကြတာမျိုးတော့ မဟုတ်ပါဘူး။ အိုးကင်းကချစ ပူနွေးနွေးမုန့်ချပ်ကလေး၊ မန်ကျည်းအချဉ်ရည်လေးနဲ့ဖြစ်စေ မြေပဲဆီနဲ့ ဖြစ်စေ တို့စားရင် အရမ်းစားကောင်းတဲ့ မုန့်ကို မကြိုက်လို့လည်းမဟုတ်ပါဘူး။ ဒါဆို ဘာလို့လဲမေးရင် တချပ်ကို နှစ်ရာကျပ်၊ သုံးရာကျပ်သာ ကျသင့်တဲ့ မုန့်ပြားသလပ်ကိုတောင် ကျောင်းသားတိုင်းနှပ်မှန်အောင် ဝယ်မစားနိုင်တာကြောင့်ပါ။
အလုပ်အကိုင်အပါအဝင်အရာရာရှားပါးတဲ့အရပ်မှာနေပြီးစားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မိဘတွေအနေနဲ့ ရင်သွေးငယ်တွေကို နေ့တိုင်းနေ့တိုင်းကျောင်းမုန့်ဖိုး လုံလောက်အောင်မပေးနိုင်ကြပါဘူး။ ဒီလိုဆိုရင် ဒေသတွင်းနေ ကျောင်းသားမိဘတော်တော်များများရဲ့ နွမ်းပါးမှုကို မပြောပြရင်တောင် မှန်းဆနိုင်ကြမှာပါ။
နွမ်းပါးရတဲ့ ကြားက ကလေးကျောင်းပညာရေး မရေမရာ ဖြစ်လာတာ၊ အရင်ကတည်းက သေနတ်သံ မိုင်းသံတွေ မကြာမကြာ ကြားနေရတဲ့ ဒေသကို အနက်ရောင်နယ်မြေလို့ စစ်အုပ်စုဘက်က သတ်မှတ်လိုက်တာကဗူးလေးရာ ဖရုံဆင့် အခြေအနေမျိုး ပါပဲ။ ရှိထားပြီးသား စိုးရိမ်ပူပန် ကြောင့်ကြမူတွေအပြင် ထပ်တိုးလာတဲ့ သောကကို မဦးတို့ တတွေ ကြုံကြရတာပါ။
“လက်နက်ကြီးတွေဘာတွေချမှာကြောက်ရတယ်။”လို့မဦးကအနက်ရောင်နယ်မြေ သတ်မှတ်ထားတဲ့ ဒေသကို စစ်တပ်ကတိုက်ခိုက်လာနိုင်တာမျိုး သူနားလည်သလို ပြောပြပါတယ်။ကျောင်းနေအရွယ် သားသမီးမရှိပေမယ့် ကျောင်းပိတ်မှာစိုးရိမ်နေကြသူတွေလည်းရှိပါတယ်။
“ကျောင်းကြီးပိတ်လိုက်လို့ PDF နေတယ်မှတ်ပြီးကြဲလိုက်ရင်ရွာလောင်မှာတဲ့တော်။ ရွာပြာကျမှာတဲ့” လို့ ရွာထဲ အနှံ့ အိမ်အလည်ထွက်လေ့ရှိတဲ့ ဒေါ်မျိုးက အနက်ရောင်နယ်မြေတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲလေ့ရှိတဲ့အကြောင်း မမေးဘဲနဲ့ ပြောပြပါတယ်။
တကယ်တော့မဦးတို့ရွာမှာ PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ နေထိုင်ကြတာမရှိပါဘူး။ တခါတလေ ဖြတ်သွားတာမျိုးလောက်ပဲ တွေ့ရဖူးတာပါ။တကိုယ်တည်းသမား လူပျိုကြီး ဦးရွှေကလည်း “သူတို့(စစ်ကောင်စီတပ်)လုပ်ချင်ရာလုပ်မှာ။ ဗုံးမကြဲဘူးလို့ ပြောမရဘူး။ရွာလည်း မီးမရှို့ဘူးလို့ ပြောမရဘူး။” လို့ အနက်ရောင်နယ်မြေ ဆိုတဲ့အကြောင်း ကြားပြီးကတည်းက စစ်တပ်လေကြောင်းရန် ကြုံရနိုင်တာကို အတွေးနဲ့ စိတ်ပူပန်ရတာကို ပြောပြပါတယ်။
မဦးတို့ ရွာသူရွာသားတွေ ကြောက်လန့်နေတဲ့ အနယ်ရောင်နယ်မြေဆိုတာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ အသုံးအနှုန်း တခုပါ။ ဟိုးအရင်ကတည်းက တိုင်းရင်းသားနယ်မြေဒေသတွေမှာအသုံးများခဲ့တဲ့အနက်ရောင်နယ်မြေ သတ်မှတ်မှုကို ဗမာပြည်မကမြို့တွေအနီး ကျေးရွာတွေကိုပါ သတ်မှတ်လာရတာက စစ်အာဏာသိမ်းမှု ကို ခုခံတဲ့ လူထုတော်လှန်ရေးရဲ့ ပြင်းထန်တဲ့ သက်ရောက်မှုလို့ မှတ်ယူရမှာပါ။
စစ်တပ်က မထိန်းချုပ်နိုင်တော့ဘဲ တော်လှန်ရေးလှုပ်ရှားမှု အားကောင်းတဲ့ နယ်မြေကို အနက်ရောင်နယ်မြေ၊ တော်လှန်ရေးအင်အားစုတွေရော စစ်တပ်ရောလှုပ်ရှားမှုလုပ်နိုင်တဲ့ နယ်မြေကို အညိုရောင်နယ်မြေ၊ အာဏာသိမ်းစစ်တပ်ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်တဲ့နယ်မြေကို အဖြူရောင်နယ်မြေလို့ သတ်မှတ်ကြတာလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
စစ်တပ်ဟာအနက်ရောင်နယ်မြေ၊အညိုရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့တာ၊ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ဗုံးကြဲတာ၊ ဒေသခံတွေကို လူသားဒိုင်းအဖြစ်သုံးတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူလူထုတွေပိုင်တဲ့ ပစ္စည်းတွေ ယူတာ စတာတွေလုပ်ဆောင်လေ့ရှိပါတယ်။အဖြူရာင်နယ်မြေလို့ ခေါ်တဲ့ သူတို့ ထိန်းချုပ်နယ်မြေတွေမှာလည်း သူတို့အကျိုးစီးပွားအတွက်အသေခံခိုင်းဖို့ စစ်သားသစ်အဓမ္မ စုဆောင်းတာ၊ လူထုတွေကို နည်းမျိုးစုံနဲ့ ငွေညှစ်တာတွေ လုပ်ပါတယ်။
အဲဒီအတွေ့အကြုံတွေ တမျိုးမဟုတ် တမျိုးကို မဦးတို့ရွာနဲ့ ရွာနီးချုပ်စပ်ရွာတွေ၊ တမြို့နယ်တည်းက ရွာတွေက ကြုံခဲ့ဖူးပြီးဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်းက မဦးတို့ရွာကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းဖြတ်သွားတုန်းက ရွာသူအမျိုးသမီး တဦးနဲ့ အမျိုးသား ၄ဦးကို လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးသွားတာကြုံဖူးတယ်။ မနှစ်ကဆိုရင်လည်း မဦးတို့ ရွာ အနောက်ဘက်က ရွာမှာ ရွာသား ၅ဦးကို စစ်တပ်ကဖမ်းဆီးပြီး တဦးကို လမ်းမှာ သတ်ဖြတ်ခဲ့တယ်။
မဦးတို့ရဲ့ အရှေဘက်က ရွာမှာတော့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲညအိပ်ပြီး ရွာထဲက ပြည်သူတွေပိုင်တဲ့ ငွေကြေး ပစ္စည်းတွေ ခိုးယူသွားတာရှိဖူးတယ်။တန်ဖိုးရှိပစ္စည်းတွေတင်မကဘူး ကောင်းတာဆိုရင် ဖိနပ်၊ ပုဆိုး၊ ထမီ အဝတ်အစားကအစ ကလေးဖျားရင်တိုက်တဲ့ ဘိုင်အိုဂျက်ဆစ် ကလေးကိုယ်ပူကျဆေးရည်ဗူး အဆုံး စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားကြတာပါ။
တိုက်ပွဲတွေ ဖြစ်ရင် ကျောင်းပိတ်၊ သေနတ်သံကြားရင်ကျောင်းပိတ်၊စစ်တပ် စစ်ကြောင်းလာရင် ကျောင်းပိတ် ဆိုတာတွေဟာလည်း မဦးတို့ ဒေသက ရွာတွေက ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေအကြား ပြောစရာမလိုဘဲသိနေတဲ့အရာတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းသားကျောင်းသူ ကလေးငယ်တွေကိုယ်တိုင်လည်း မိဘတွေနဲ့အတူ တောထဲ စစ်ရှောင်ရတဲ့ အတွေ့အကြုံ မလိုချင်ဘဲ ရနေကြပြီးဖြစ်ပါတယ်။အချို့ဆို တောထဲ ညအိပ်ညနေ စစ်ရှောင်ဖူးကြတာပေါ့။
မဦးတို့ရွာက အသက် ၉နှစ် အရွယ် ဝါဝါဆိုတဲ့ ကလေးငယ်တဦးဆိုရင် သူ့ရဲ့ ကျောပိုးလွယ်အိတ်ကလေးထဲမှာ စာအုပ်၊ခဲတံတွေအစား ရေဗူးတို့ စားစရာမုန့်လေးတို့၊ ကစားစရာအရုပ်ကလေးတို့ အဝတ်အစားလေးတို့ စတဲ့ ကလေးသုံးပစ္စည်းလေးတွေ ကို ဘယ်သူမှ မခိုင်းဘဲ သူ့အတွေးနဲ့သူ ထည့်ထားတာမျိုးပါ။
စစ်ကောင်စီ စစ်ကြောင်းတွေလာရင် အဆင့်သင့်ဖြစ်နေဖို့ ဆိုတဲ့ ဝါဝါရဲ့ စိတ်ကူးကို ခံစားကြည့်ရင် နာကျင်စရာပါ။တကယ်တော့ ဝါဝါကလေးဟာ စစ်တပ်ကျောင်းမှာနေတဲ့ ကလေးတော့ မဟုတ်ပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနအောက်က အွန်လိုင်းစာသင်ကျောင်းမှာ တက်နေရတဲ့ ကလေးပါ။
ကျောင်းနေအရွယ် မရောက်ခင်ကတည်းက စစ်တပ်အာဏာသိမ်းမှု ကြုံခဲ့ရတာမို့ မြေပြင်ကျောင်းကို မတက်ဖူးတဲ့ စာသင်ခန်းထဲက ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေကို အပြင်မှာ မတွေ့ဆုံဖူးတဲ့၊ ကျောင်းစိမ်းနဲ့အဖြူ ကျောင်းဝတ်စုံမဝတ်ဖူးတဲ့ ကလေးငယ်များစွာထဲက တယောက်ပါ။
ဒါ့အပြင်အွန်လိုင်းစာသင်ခန်းမှာ တတန်းတည်းစာသင်နေရတဲ့ သူငယ်ချင်းနှစ်ယောက် မန္တလေးတိုင်းအတွင်း စစ်တပ်လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်တခုမှာ အသက်သေဆုံးခဲ့ရတာကိုလည်း ဝါဝါ တယောက် ကြုံခဲ့ဖူးပါတယ်။
မိဘတွေနဲ့အတူတောထဲမကြာခဏစစ်ရှောင်ဖူးတဲ့ ဝါဝါတယောက် အာဏာသိမ်းစစ်တပ်က စစ်သားတွေဟာ ကလေးငယ်တွေကို အကာအကွယ်မပေးဘူးဆိုတာမျိုး နားလည်ထားပုံရပါတယ်။
ဘယ်ကျောင်းတက်တက်၊ ဘယ်ဒေသသ နေနေ ပညာသင်ကြားခွင့်ထိခိုက်ပြီး အသက်ဘေး အချိန်မရွေး ကျရောက်နိုင်တယ်ဆိုတာ နိုင်ငံတဝန်း ဖြစ်စဉ်ဖြစ်ရပ် အများအပြားက ဖော်ပြလျက်ရှိပါတယ်။ သိပ်မကြာ လှသေးတဲ့ ဇူလိုင် ၁၄ရက်က ဆိုရင် ဝါဝါတို့၊ မဦးတို့ နေတဲ့ ဒေသနဲ့ သိပ်မဝေးလှတဲ့ မကွေးတိုင်း နတ်မောက် မြို့နယ်ကန်လေးကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာဟာ သာဓက တခုပါ။
ကန်လေးကုန်းစာသင်ကျောင်းဟာ စစ်ကောင်စီဖွင့်ထားတဲ့ စာသင်ကျောင်းဖြစ်ပေမဲ့ စစ်တပ်ကပဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာပစ်သွားလို့ ကျောင်းသား ၁ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့သလို နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲမှာ PDF ရဲဘော်တွေမရှိ တိုက်ပွဲမရှိပေမဲ့ စစ်တပ်က စာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်တဲ့အပေါ် အံ့ဩနေကြပါတယ်။
တကယ်တော့ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ အံ့ဩစရာလို့တောင် မဆိုသာတော့ပါဘူး။ စစ်တပ်ဟာ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရက္ခိုင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်၊ မန္တလေး၊ ချင်း၊ တနင်္သာရီစတဲ့ နိုင်ငံတဝန်း နေရာအစုံမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပြီးကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူထောင်နဲ့ချီ သေဆုံးထိခိုက်စေခဲ့ပါတယ်။
ကျောင်းသားကျောင်းသူ ၂၀ ကျော်သေဆုံးကာ ၂၀ကျော်ဒဏ်ရာရခဲ့တဲ့ ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ရွာ ဗုံးကြဲခံရမှု၊ လူမမယ်ကလေးလေးတွေရဲ့ စာသင်ခန်းကို ဗုံးတွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာစာသင်ကျောင်း တိုက်ခိုက်ခံရမှု တွေဟာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်များစွာထဲက ထင်းရှားတဲ့ ဖြစ်ရပ်အချို့ပါ။
တကယ်တော့ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းနဲ့ ပြည်သူ ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ စစ်ရာဇဝတ်မှုမျိုးကိုပါ ကျူးလွန်ခဲ့ဖူးတာပါ။ ၂၀၂၃ ဧပြီလ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာဆိုရင်လည်း ပြည်သူ ၁၆၈ဦးထက်မနည်း သေဆုံးခဲ့ရပြီး များစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းတွေအရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၆ ဇူလိုင် ၂၄ရက်နေ့အထိ ၅နှစ်ခွဲတာကာလအတွင်း အာဏာသိမ်းစစ်အုပ်စုနဲ့လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူထူထု စုစုပေါင်း ၈၂၀၀ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းဟာလက်လှမ်းမီသမျှ ကောက်ယူထားတဲ့ အရေအတွက်သာဖြစ်လို့ မြေပြင်မှ သေဆုံးသူ ပိုများနိုင်ကြောင်း အသိပေးထားပါတယ်။
နိုင်ငံတဝန်း နေအိမ်မီးရှို့ခံရမှုအချက်အလက်တွေ ဖော်ပြနေတဲ့ Data for Myanmar ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းအရလည်း စစ်အာဏာသိမ်း ၅နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သား နေအိမ် တသိန်းနှစ်သောင်းကျော် ရှိပြီး မီးရှို့ခံရတဲ့ နေအိမ် ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်း၊ ဒုတိယ အများဆုံးဟာ မကွေးတိုင်းက ဖြစ်တယ်လို့ဆိုပါတယ်။
ပြည်သူလူထုကို အကာအကွယ်ပေးရမယ့် စစ်တပ်ကိုယ်တိုင်က ပြည်သူကို ရန်သူလိုသဘောထား တိုက်ခိုက်နေတာဟာ မြန်မာပြည်သူတွေကြုံနေရတဲ့ဒုက္ခဆင်းရဲခြင်းများစွာထဲက တခုဖြစ်ပါတယ်။အခုလည်း မဦး ရွာကလူတွေဟာ ပဇီကြီးလို၊ လက်ယက်ကုန်းလို အဖြစ်ဆိုးမျိုး မကြုံရဖူးလို့ ဘယ်သူမှ အာမမခံနိုင်သလို နိုင်ငံတဝန်း တသိန်းကျော်သော အိမ်တွေနည်းတူ မီးအရှို့ မခံရဘူးလို့လည်း အာမခံချက်မရှိပါဘူး။ အသက်ရှင်သန်ရေး အာမခံချက်မရှိကြပေမဲ့ မိဘဆိုတာက သားသမီးတွေ အနာဂတ်အတွက် စဉ်းစားကြတာမျိုးကတော့ သဘာ၀ပါပဲ။
မဦးတို့ရွာက သားတယောက် သမီးတယောက်ရှိတဲ့ ကလေး ၂ယောက်ဖခင် ကိုဖိုးသိမ်းကတော့ ကလေးတွေ ပညာသင်ဖို့ အခက်အခဲ ကြီးလာတာကြောင့် ကျောင်းစာအပြင် အသက်မွေးဝမ်းကြောင်းပညာတခုခု သင်ပေးဖို့လိုနေပြီဆိုတဲ့ အကြောင်းပြောပါတယ်။
ပညာဗဟုသုတအထိုက်အလျောက် လေ့လာသင်ယူခဲ့သူဖြစ်သလို သူကိုယ်တိုင်လည်း လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းကို နားလည်လုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ကိုဖိုးသိမ်းက “ သူ့ဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာ တခုတော့လုပ်ပေးရမယ်။ ရွာက ယာလုပ်ယာကိုင်ကတော့ မကိုက်ဘူး” လို့ သားအကြီးကောင်ရဲ့ ရှေ့ရေးအတွက် စဉ်းစားပြောဆိုပါတယ်။ မကိုက်ဘူးဆိုတာက သီးနှံစိုက်ပျိုးရတဲ့ တောင်ယာလုပ်ငန်း လုပ်ရုံနဲ့ ဆင်းရဲနွမ်းပါးခြင်းက ရုန်းထွက်ဖို့၊ စားဝတ်နေရေးပြေလည်ဖို့မလုံလောက်ဘူး အဆင်ပြေမနေဘူးဆိုတာကို အညာစကားနဲ့ ပြောတာဖြစ်ပါတယ်။
ကိုဖိုးသိမ်းတယောက် သားသမီးတွေရှေ့ရေး စဉ်းစားနေရသလို အနက်ရောင်နယ်မြေ ဆိုတာရဲ့ နောက်ဆက်တွဲ အန္တရာယ်အငွေ့အသက် အတွက်လည်း စိတ်ပူနေရှာတာပါ။
“ကျနော်က မနေ့က(ဇူလိုင် နောက်ဆုံးပတ်)ဝဲတာကြောက်တယ်(ဒေသတွင်းကို အချိန်အတော်ကြာ လေယာဉ်ဝဲပျံနေတာ)။ သူတို့က အနက်ရောင်နယ်မြေလည်း သတ်မှတ်ထားတယ်ဆိုတော့လေ” လို့ ကိုဖိုးသိမ်းက ပြောပါတယ်။
လူပျိုကြီး ဦးရွှေကတော့ “ကျုပ်အရင် စိတ်မညစ်ဘူး။ အဲဒီစကား(အနက်ရောင်နယ်မြေသတ်မှတ် လိုက်တယ်ဆိုတဲ့ စကား) ကြီးကြားလိုက်တော့ဒုက္ခပဲ။ဗုံးကြဲရင်တာဝန်မယူဘူးဆိုတော့ ဘယ့်နှယ်လုပ်မတုန်း”လို့ ပြောပါတယ်။
“ မီးရှို့တာကတောထဲထွက်ထိုင်နေလို့ရတယ်။ အိပ်ပျော်နေရင်သူများလိုအလုံလည်းမဟုတ်ဘူး ထရံကာဗျ၊ ၀ုန်းဆိုကျလာရင် တန်းလာမှန်မှာ။ မဟန်တော့ပါဘူးကွာ၊တယ်မကောင်းတဲ့ သတင်းဟ” လို့ သူက စစ်တပ်က ရွာတွေကို မီးရှို့တာထက် လေကြောင်းက ဗုံးကြဲရင် အသက်အန္တရာယ် ပိုစိုးရိမ်ရတဲ့အကြောင်း ဆက်ပြောပြပါတယ်။
ကလေးပညာရေးအတွက် စိတ်ပူနေကြသူတွေ၊ လေယာဉ်ဗုံးကြဲမှာ စိုးရိမ်နေကြသူတွေရှိသလို ဖြစ်သမျှ ကြုံသလို ရင်ဆိုင်မယ်ဆိုသူတွေလည်းရှိပါတယ်။
ကျောင်းနေအရွယ် ကလေးနှစ်ယောက်ရှိတဲ့မရွှေစင်ကတော့ သားသမီးတွေကို အာဏာသိမ်းစစ်တပ်ကျောင်းတွေမှာ မထားချင်ပေမယ့် ရွေးချယ်စရာ မရှိခဲ့လို့ မကြိုက်သော်လည်းအောင့်ကာနမ်းခဲ့ရတာမို့ကျောင်းဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ ကြုံသလို ရင်ဆိုင်မယ်လို့ ပြောပါတယ်။
“ကိုယ့်ကလေး ဒီလောက်ဆို သေစာရှင်စာတော့ ဖတ်တက်ပြီ” လို့ မရွှေစင်က ပြောပါတယ်။
သားသမီးတွေကို စာတက်စေချင်ပေမဲ့ ပညာရေးနဲ့ဝေးပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ရဲဘော်လေးတွေကို ကိုယ်ချင်းစာတယ်လို့ သူက ပြောပါတယ်။
မကြာသေးတဲ့ကာလတုန်းက ချောက်မြို့နယ် တောင်သာရွာ တိုက်ပွဲမှာ စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံရအပြီး သတ်ဖြတ်ခံရတဲ့ PDF ရဲဘော် ၂၀ဦးရဲ့ ဖြစ်ရပ်ဟာ သိပ်သနားစရာကောင်းတာလို့ သူမက ပြောပါတယ်။
ဇူလိုင် ၁၀ရက် တောင်သာရွာတိုက်ပွဲမှာ PDF လူငယ်ရဲဘော်လေးတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်များစွာထဲက တခုပါ။ စစ်တပ်ဟာ ကျောင်းသားလူငယ်တွေအပါအဝင် မြန်မာပြည်သူတွေ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်စဉ်ကတည်းက ခေါင်းကိုပစ် ခေတ်ကိုပြောင်းမယ်ဆိုပြီး ဆန္ဒပြလူထုကို ရက်စက်စွာ ဖြိုခွင်းခဲ့ကြတာပါ။
စစ်တပ်ကျူးလွန်တဲ့ ဆိုးရွားရက်စက်တဲ့ ဖြစ်ရပ်မျိုးစုံ ကြုံကြရပေမဲ့မတရားမှုကို ခေါင်းငုံံ့ခံလေ့မရှိကြတဲ့ ကျောင်းသားလူငယ်အများအပြားဟာ ကျောင်းတွေကိုစွန့်ခွာ၊ အသက်ခန္ဓာပေးဆပ်ပြီး ဆင်းရဲဒုက္ခမျိုးစုံကို ပိုဆိုးရွာလာစေတဲ့ စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ဖို့ကြိုး စားနေကြ တိုက်ပွဲဝင်နေကြဆဲပါ။
မြန်မာပြည်က ကျောင်းသားလူငယ်တွေနဲ့ပတ်သက်ပြီး အနက်ရောင်နယ်မြေလို့သတ်မှတ်ခံလိုက်ရတဲ့ဒေသမှာ နေထိုင်တဲ့ မရွှေစင်ကတော့ အခုလို ပြောပါတယ်။
“သူတို့ဘ၀လေးတွေပေးဆပ်ထားတာ၊ သူတို့ မိဘတွေနဲ့ဝေးကွာနေရတာမောင်နှမသားချင်းတွေနဲ့ ဝေးကွာနေရတာကိုယ်ချင်းစာကြည့်လိုက်”
တကယ်တော့ မရွှေစင်တို့ဟာ အနက်ရောင်နယ်မြေလို့မသတ်မှတ်ခံရခင် စစ်အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ကတည်းက အခြား မြန်မာပြည်က ပြည်သူတွေနည်းတူ ဘေးကင်းလုံခြုံမှု ကင်းမဲ့ပြီး ထိတ်လန့်စိုးရိမ်မှု၊ အလုပ်အကိုင်ရှားပြီး နေ့စဉ်စားဝတ်နေရေးအတွက် မနည်းရုန်းကနေရတဲ့ ငတ်မွတ်ခေါင်းပါးမှု၊ မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲကွာရမှု၊ အိုးအိမ်စည်းစိမ်ပျက်စီးရတဲ့ စစ်ဘေးဒုက္ခ ဖြစ်ရမှု၊ ပညာရေး ဘ၀ရည်မှန်းချက်တွေ ပျက်စီးရတဲ့ အနာဂတ်မဲရမှုစတဲ့ မသေလွန်ခင် လက်တွေ့ ကြုံနေရတဲ့ ဘ၀ငရဲကို ခံစားနေကြရတာပါ။
“ဒုက္ခဆင်းရဲဆိုးရွားစွာ ခံစားရတဲ့ ငရဲဘုံဆိုတာ တကယ်ရှိပါသလား၊ ရှိတယ်ဆိုရင် မြန်မာပြည်သူတွေဟာ ငရဲဘုံရဲ့ ဘယ်အထပ်မှာ နေကြရတာပါလဲ၊ ငရဲဘုံမှာ အနက်ရောင်နယ်မြေဆိုတာရော ရှိပါသလား”
သေချာတာကတော့ မြန်မာပြည်သူအများစုကတော့ ကာလရှည်မိုးခေါင်ဒဏ်ခံနေရတဲ့ သစ်ပင်ကလေးတွေလိုပါပဲ။
‘မသေရုံတမယ် နွမ်းပါးလှတဲ့ မျက်နှာတွေနဲ့ ရှင်သန်နေရရှာတယ်” ။


















































