ဩဂုတ်-၅၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူတွေကပြောတယ်။
အိုးဘိုအကျဉ်းထောင်က ယာယီဆောင်( ၃) အဆောင်နဲ့ (၄) အဆောင်တို့မှာနိုင်ငံရေးအကျဉ်းသူ ၉၀၀ ခန့်အထိ ထားတယ်လို့သိရပါတယ်။ဒီအခန်း တွေအတွက် ရေသန့်စက်အလှူရှင်တဦး စက်လာလှူထားပေမယ့် စက်ပျက်တယ်ဆိုပြီး ဇူလိုင်လကတည်းက ရေသန့် မသောက်ရဘဲ ပိုက်ကလာတဲ့ ရေကိုပဲသောက် နေရတာလို့ စုံစမ်းသိရပါတယ်။
“ရေမသန့် တော့ ဗိုက် အောင့်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ကြတာ။အဲတာကို အဆောင်ထဲ လူတွေကများတော့ကူးကြတာပေါ့။ရာသီဥတုကလည်း မိုးရာသီဆို တော့။ဗိုက်အောင့်ပြီး ဝမ်းလျှောလည်း အကိုက်ခဲပျောက်ဆေး လောက်ပဲ ပေးတယ်လို့သိရတယ်”လို့နိုင်ငံ ရေးအကျဉ်းသူတဦးရဲ့ မိသားစုဝင်တဦးကလည်းပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အိုးဘိုထောင်မှာ မိသားစုဝင်မဟုတ်ရင်ထောင်ဝင်စာမပို့ရလို့ကန့်သတ်ပြီးဖွင့်ချိန်၊ပိတ်ချိန်ကို ထောင်ဝန်ထမ်းတွေစိတ်ကြိုက်သတ်မှတ်ပြီး တရက်ကို၁နာရီပဲဖွင့်တဲ့ နေ့တွေ လည်းရှိတယ်လို့ ဆိုပါတယ်။
ထောင်ဝင်စာပို့တဲ့နေရာမှာပစ္စည်းပို့တဲ့နေရာက စစ်တပ်ခန့် ထောင်အရာရှိက လာဘ်ငွေမရလို့ အရှေ့ကထောင်အရာရှိနဲ့ ပြသနာဖြစ်ကြရာက နေ အခုလို ထောင်ဝင်စာ တင်းကြပ်တာ တွေဖြစ်ကုန်တာလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူအချို့ကပြောပါတယ်။
“နေ့လည်(၁)နာရီနေ ကျစ်ကျစ်တောက်ပူနေတဲ့အချိန်ကြီးကိုဖွင့်မပေးပဲ ကတ္တရာလမ်းပေါ်တန်းစီခိုင်းတာမိနစ်(၄၀)လောက်။ကလေးငယ်တွေရော၊အဖွားကြီးတွေရော၊ အထဲကတာဝန်ခံကမခေါ်မချင်းလွတ်လို့မရဘူးတဲ့။ပြီးတော့ဝန်းထဲလွတ်တော့လည်းတိုကင်ယူရမယ်ဆိုပြီးစီခိုင်းပြန်တယ်။နေပူထဲမှာ တိုကင်ရပီးတော့မှအမိုးအောက်တစ်ခါစောင့်ရပြန်ရော။ ၁၀ ယောက်ချင်းထွက်စီခိုင်းပီးဝင်ရတာ။အထဲရောက်ဖို့စစ်လိုက်မေးလိုက်တာကလွန်ရော။ အဖွားကြီးတွေလည်းအအော်ခံရနဲ့အထဲရောက်ပြန်တော့လည်းအိပ်အပ်ဖို့အရေးစစ်ခံရပြန်ရော။ ဒီလောက်ကြီးနှိပ်စက်တာတော့မဖြသ်သင့် မလုပ်သင့်ဘူး”လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ထောင်ဝင်စာတွေ့ရင်ကြုံရတဲ့ အခက်အခဲတွေကိုပြောပါတယ်။
အိုးဘိုအကျဉ်းထောင်ဟာ ထောင်ဝင်စာကိစ္စ မကြာခဏ ပြသနာတက် လေ့ရှိပါတယ်။ နိုင်ငံ ရေးအကျဉ်းသားတွေရဲ့ထောင်ဝင်စာကို ရာဇဝတ်မှုအကျဉ်းသားတွေကယူတဲ့အတွက် ပြသနာတက်ကြရာက နေနိုင်ငံရေး အကျဉ်းသား တွေကို ထောင်ဝန်ထမ်းတွေကရိုက်နှက်ကာတိုက်ပိတ်တာ တွေလည်း မကြာခဏ ပြုလုပ် လေ့ရှိတယ်လို့ နိုင်ငံ ရေး အကျဉ်းသားဟောင်းတွေကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကလာတဲ့ထောင်အာဏာပိုင်တွေများလာသလို ၊စစ်တပ်ခန့်ထောင်အရာရှိတွေဟာ ထောင်ကျနေတဲ့ ဒုစရုက်မှုမျိုးစုံကျူးလွန်တဲ့အကျဥ်းသားတွေကို မွေးပြီး နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်တာ ၊ဖိနှိပ်တာတွေပိုလုပ်လာတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေကပြောပါတယ် ။


















































