အောက်တိုဘာ-၂၁၊ ၂၀၂၆။ People’s Spring
စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၆)လ ကျခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား Buskal Khan (ခ) Busket ဟာ သတ်မှတ်ပြစ်ဒဏ် လွတ်ရက်စေ့သွားပေမယ့် အာဏာပိုင်တွေက ဆက်လက်ဖမ်းဆီးချုပ်နှောင်ခဲ့ရာ အောက်တိုဘာ ၅ရက်မှာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအိန္ဒိယ နိုင်ငံသားဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူဟာ သတ်သတ်လွတ်စားသူဖြစ်ပြီး ထောင်အတွင်း အာဟာရပြတ်လပ်ကာ နှစ်လကျော်ကြာ ကျန်းမာရေး ဆိုးရွားစွာ ခံစားခဲ့ရပေမယ့် အကျဉ်းထောင်အာဏာပိုင်များက အစားထိုးဖြည့်စွက်စာနဲ့ သင့်တော်တဲ့ ဆေးဝါးကုသခွင့် မပေးခဲ့လို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။

Public Service Announcement
အဲဒီလို အကျဉ်းသားသေဆုံးခဲ့ရတာဟာ အာဟာရပြတ်လပ်မှု၊ ရိက္ခာခေါင်းပုံဖြတ်ခံရမှု ၊ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှု လာဘ်ပေးလာဘ်ယူစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ငြင်းပယ်ခံရမှု စတာတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မိသားစုနဲ့ အဆက်အသွယ်မရရှိတဲ့ အကျဉ်းသား/သူများဟာ ထောင်မှပေးတဲ့ ပဲအနှစ်ကျဲ၊ ကန်စွန်းရွက်ပြုတ်ရည်ကျဲနဲ့ ရိက္ခာမလုံလောက်မှုများကြောင့် အာဟာရပြတ်လပ်တာတွေ ကြုံနေရသလို ထောင်ရဲ့ အိပ်ဆောင်(၃) တာဝန်ခံ ဗိုလ်ကြီးကျော်ထက်ဦး အပါအဝင် အာဏာပိုင်များက လာဘ်ပေးလာဘ်ယူမှု၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှု၊ ရိုက်နှက်မှုများ လုပ်ဆောင်တာ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထောင်တွင်းမှာ လိုအပ်သော ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အကူများ မရှိသလို ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသဖို့ တင်ပြရာမှာလည်း အကျဉ်းထောင် ဆေးဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ထောင်အာဏာပိုင်များနဲ့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်အချို့က ငွေကြေးအမြောက်အမြား လာဘ်ယူလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ငွေကြေးမတတ်နိုင်သူနဲ့ မိသားစု အဆက်အသွယ်မရှိသူ အကျဉ်းသားများမှာ သင့်တော်သော ဆေးကုသခွင့် မရရှိဘဲ အသက်ဆုံးရှုံးနေကြရကြောင်း ဖော်ပြထားပြီး အခု ၂၀၂၆ အတွင်း သေဆုံး အကျဉ်းသား ၇ဦးထိရှိတယ်လို့ အသိပေးပါတယ်။
အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ အခုနှစ်အတွင်း အကျဉ်းသား သေဆုံးသူ ၇ဦးရှိရာ ဧပြီမှာ ၁ဦး၊ ဇူလိုင်မှာ ၂ဦး၊ ဩဂုတ်မှာ ၁ဦး၊ စက်တင်ဘာမှာ ၂ဦး ဖြစ်ပြီး အခု အောက်တိုဘာမှာ သေဆုံးတာက အိန္ဒိယ နိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။




















































