သြဂုတ်-၆၊၂၀၂၆။People’s Spring
အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အကြီးအကျယ် နာမည်ဆိုး ထွက်နေတဲ့ မင်းအောင်လှိုင်ကို ထိုင်းအစိုးရက အသိအမှတ်ပြု ကြိုဆိုခဲ့တာဟာထိုင်းနိုင်ငံအပေါ် နိုင်ငံတကာရဲ့ယုံကြည်လက်ခံမှုကိုထိခိုက်လျော့ကျသွားစေနိုင်ကြောင်း ပြည်သူ့ပါတီ (PP)က ဩဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အထူးသဖြင့် OECD အဖွဲ့ဝင်ဖြစ်ခွင့်အတွက် ကြိုးစားနေမှုတွေမှာဆိုးကျိုးသက်ရောက်လာနိုင်တယ်လို့ PPက ဆိုပါတယ်။ မင်းအောင်လှိုင်ဟာဩဂုတ် ၆ ရက်နဲ့ ၇ ရက်တွေမှာ ထိုင်းနိုင်ငံဆီ တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပါတယ်။

Public Service Announcement
ထိုင်းအစိုးရ အနေနဲ့ မြန်မာ့အရေးချဉ်းကပ်မှု မူဝါဒတွေကိုပြန်လည်သုံးသပ်ဖို့လည်း PPက တိုက်တွန်းခဲ့ပါတယ်။မင်းအောင်လှိုင်ဟာသူ့ရဲ့ အာဏာသိမ်းအုပ်စိုးမှုတရားဝင်စေဖို့အတွက်ထိုင်းနိုင်ငံကို အသုံးချတာမျိုးထိုင်းအစိုးရက အဖြစ်မခံဖို့နဲ့ နောက်ထပ် နိုင်ငံတော် ခရီးစဉ်တွေ မင်းအောင်လှိုင်ကို ဖိတ်ကြားတာမျိုးမလုပ်ဖို့ PPကအကြံပြုခဲ့ပါတယ်။
ထိုင်းလွှတ်တော်အနေနဲ့လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်တွေအပေါ် လေးစားဖို့၊မြန်မာ့အရေး ပြေလည်အောင် ဖြေရှင်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ကိုင်ပြုပြီး မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အားထုတ်မှုမျိုးကို တွန်းအားပေးဖို့လည်း PPက တောင်းဆိုခဲ့ပါတယ်။
သတ္တုတူးဖော်မှုတွေကြောင့်ထိုင်းနိုင်ငံထဲစီးဝင်တဲ့ နမ့်ခုတ်မြစ်ရေတွေ ညစ်နွမ်းတာ၊ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ဖြစ်စေတာ၊ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဖက်က ပြည်သူတွေ လုံခြုံရေး ခြိမ်းခြောက်ခံရတာမျိုး ဖြစ်စဉ်တွေကို ကြည့်ရင် မြန်မာဖက်က အခြေအနေ အရပ်ရပ်ဟာ ထိုင်းနိုင်ငံကို ထိခိုက်သက်ရောက်စေတာ တွေ့နိုင်တယ်လို့လည်း PPက ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာ့တော်လှန်ရေး အစိုးရဖြစ်တဲ့အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ထွန်းရေး ပူးတွဲ ကော်မတီ တစ်ခု ဖွဲ့စည်းနိုင်ဖို့လည်း PPက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ထိုင်းအစိုးရအနေနဲ့မူးယစ်မှောင်ခိုမှု၊ကျားဖြန့်ကိစ္စ၊ လူမှောင်ခိုမှု၊ မြစ်ရေ ညစ်ညမ်းမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ပြဿနာတွေကိုထိထိရောက်ရောက်ဖြေရှင်းပေးဖို့မြန်မာဖက်ကိုအချိန်တိတိကျကျသတ်မှတ်ပြီး ဖိအားပေးဖို့လည်း PPက တိုက်တွန်းသွားခဲ့ပါတယ်။
PPကပါတီကိုယ်တိုင်လည်းနိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ မီဒီယာတွေ ပါဝင်ပြီးအာဆီယံဒေသရဲ့လူ့အခွင့်ရေး၊ ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားပေးမယ့်အာဆီယံဒီမိုကရေစီကွန်ရက်တစ်ခု ထူထောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: Thai Enquirer


















































