Connect with us

Hi, what are you looking for?

ဆောင်းပါး

“၈၈၈၈ အရေးတော်ပုံကြီးပြီး ၃၈ နှစ်အကြာထိ၊ ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တရားဝင်မှု မပေးကြပါနှင့်”

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ ရေးသားလာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိ Fortify Rights မှာ Senior Director အဖြစ် တာဝန်ယူနေတဲ့ ဘန်နီဒစ် ရော်ဂျာစ် (Benedict Rogers) က ရေးသားထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက် ရည်ရွယ်ပြီး မူရင်းအတိုင်း ပြန်လည်တင်ပြထားပါတယ်။

ဥဂ္ဂါ ရေးသားသည်။

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ ရေးသားလာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိ Fortify Rights မှာ Senior Director အဖြစ် တာဝန်ယူနေတဲ့ ဘန်နီဒစ် ရော်ဂျာစ် (Benedict Rogers) က ရေးသားထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက် ရည်ရွယ်ပြီး မူရင်းအတိုင်း ပြန်လည်တင်ပြထားပါတယ်။

မြန်မာနိုင်ငံ | ၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းဓါတ်ပုံသစ်တွေ ထွက်ပေါ်လာတာက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ စစ်အုပ်ချုပ်မှု အဆုံးသတ်ရေး အတွက် နိုင်ငံတကာဖိအားတွေ ပြန်လည်တိုးမြှင့်ဖို့ တွန်းအားတစ်ခု ဖြစ်သင့်ပါတယ်။

ဒီဩဂုတ်လ (၈) ရက်နေ့ဟာဆိုရင် မြန်မာ့သမိုင်းမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီရေး ဆန္ဒပြကြတာကို စစ်အာဏာရှင်တွေက အပြင်းအထန် သွေးချောင်းစီး နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်တွေထဲက အဆိုးရွားဆုံးတစ်ခုဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ၃၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ဆိုတာ အမှတ်ရကြမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်းနည်းစရာကောင်းတာက ဆယ်စုနှစ်လေးခုနီးပါး ကြာလာခဲ့ပြီဖြစ်ပေမယ့်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးကာလ အနည်းငယ်သာ ရရှိခဲ့ပြီးနောက်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေက ပိုပြီးပြင်းထန်လာတာပဲဖြစ်ပါတယ်။ လက်ရှိအာဏာရှင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ အရင်စစ်အာဏာရှင်တွေထက်တောင် လူမဆန်မှုနဲ့ ရာဇဝတ်မှုတွေမှာ ပိုမိုကျူးလွန်နေပါတယ်။

ဒီအခြေအနေမှာ အံ့ဩစရာ ဆန့်ကျင်ဘက်ဖြစ်နေတာတစ်ခုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းထဲက တချို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့အထိ ဒီစစ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး တရားဝင်အဖြစ် အသိအမှတ် ပြုတဲ့ သံသရာအသစ်တစ်ခုကို ပြန်စနေကြပုံရတာပါ။

ဒီသီတင်းပတ်အတွင်း မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာကလည်း ဒေသတွင်းက တချို့နိုင်ငံတွေဟာ သူ့ကို သမ္မတတစ်ဦးအဖြစ် အသိအမှတ်ပြုဖို့ အဆင်သင့်ဖြစ်နေကြပြီလားဆိုတဲ့ အန္တရာယ်ရှိတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ တရားဝင်အာဏာလွှဲပြောင်းရယူခဲ့သူ မဟုတ်ပါဘူး။ တရားမဝင် အာဏာသိမ်းမှုနဲ့ အတုအယောင် ရွေးကောက်ပွဲကနေတစ်ဆင့် အဲဒီရာထူးကို ရယူထားသူသာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ သူ့ရဲ့ ပြိုင်ဘက်အားလုံးကို ထောင်ချခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများ ပြုလုပ်ထားခဲ့ပြီး၊ ပြည်သူအများအပြားဟာလည်း တရားမျှတစွာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ကြပါတယ်။ အဲဒီကနေ ပေါ်ပေါက်လာတဲ့ “လွှတ်တော်” ဆိုတာလည်း တရားဝင်မှု မရှိတဲ့အပြင် စစ်တပ်ရဲ့ အလိုတော်အတိုင်း လိုက်နာမယ့်သူတွေနဲ့ ပြည့်နှက်နေတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အသက် ၈၁ နှစ်အရွယ် အကျဉ်းချခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အကျဉ်းချခံထားရပြီး၊ သူမရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သုံးနှစ်နီးပါး သတင်းအချက်အလက် လုံးဝ မရရှိဘဲ ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ဒီသီတင်းပတ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကြီးအကဲနဲ့ တွေ့ဆုံနေတဲ့ သူမရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လာခဲ့ပါတယ်။

သူမရဲ့ ကျန်းမာရေးအခြေအနေကို နှစ်နဲ့ချီပြီး မသိရတဲ့အခြေအနေမှာ အခုလို ICRC နဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေ ထွက်လာတာဟာ သူမ အသက်ရှင်နေသေးကြောင်း အတည်ပြုပေးနိုင်တဲ့ သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံတွေက အခြားအရေးကြီးတဲ့ အချက်နှစ်ချက်ကိုလည်း ပြသနေပါတယ်။

ပထမတစ်ချက်က နိုင်ငံတကာဖိအားတွေဟာ အကျိုးရှိတယ် ဆိုတာပါ။ ဒုတိယတစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ ကျော်အားလုံး လွတ်မြောက်သင့်တယ်ဆိုတာပါ။

မမေ့သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရွေးကောက်တင်မြှောက်ခံ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြစ်သလို ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့သူ “ဒေါက်တာ လင်းထွဋ်”လည်း ပါပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့စဉ် နံနက် ၃ နာရီမှာ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် လျှို့ဝှက်ထိန်းသိမ်းထားပြီး နှိပ်စက်ခဲ့ကာ နောက်ပိုင်းမှာ အခြေအမြစ်မရှိဘဲ အကျင့်ပျက်ခြစားမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ စွဲချက်ပုဒ်မတွေ တပ်ပြီး ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ပါတယ်။

အခုအချိန်အထိ သူဟာ သာယာဝတီအကျဉ်းထောင်မှာ ဆက်လက်အကျဉ်းကျခံနေရပါတယ်။ ဆီးချိုရောဂါ၊ နှလုံးခုန်မမှန်တာနဲ့ သွေးတိုးရောဂါတွေ အပါအဝင် ကျန်းမာရေးပြဿနာ တွေကြောင့်လည်း အသက်အန္တရာယ်ကို အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ငါးနှစ်ကျော်အတွင်း သူ့မိသားစုဟာ စစ်တပ်ရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ၁၅ မိနစ်သာ တွေ့ဆုံခွင့် တစ်ကြိမ်သာ ရရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ပြောဆိုသမျှ စကားလုံးတိုင်းကိုတောင် အနီးကပ် စောင့်ကြည့်ခဲ့ကြပါတယ်။

သူ့သား စိုင်းက အနုပညာရှင်တစ်ဦးဖြစ်ပြီး ဖခင်လွတ်မြောက်ရေးအတွက် အဲဒီငါးနှစ်လုံးလုံး ကြိုးပမ်းခဲ့ပါတယ်။

ဖမ်းဆီးခံရတာကို အကြိမ်ကြိမ် ရှောင်တိမ်းရင်း အသက်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ဖခင် လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေပါတယ်။

ကုလသမဂ္ဂရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (UN Working Group on Arbitrary Detention) ကလည်း ဒေါက်တာလင်းထွဋ်ကို အကျဉ်းချထားတာဟာ သတ်မှတ်ထားတဲ့ အမျိုးအစား လေးရပ်အရ မတရားဖမ်းဆီးထိန်းသိမ်းမှု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက် ထွက်လာပြီး တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် သူဟာ အခုအချိန်အထိ အကျဉ်းထောင်ထဲမှာပဲ ရှိနေဆဲပါ။

သူ့အမှုက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုမှာ အဓိကအားနည်းချက်တစ်ခုကို ထင်ရှားစွာ ပြသနေပါတယ်။ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာအဖွဲ့က သူ့ကို မတရား ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း ဆုံးဖြတ်ပြီး ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆို ထားပြီးပါပြီ။ သက်သေအထောက်အထားတွေလည်း ရှင်းလင်းနေပါတယ်။ ဒါပေမဲ့ စစ်အာဏာပိုင်တွေက အဲဒီဆုံးဖြတ်ချက်တွေကို လျစ်လျူရှုပြီး ဆက်လက်အာခံနေတဲ့အတွက်လည်း သူတို့ဟာ ထိရောက်တဲ့ အရေးယူအပြစ်ပေးမှု တစ်စုံတစ်ရာကို ခံရခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဒီလိုမတရားခံနေရသူတွေ အသက်ရှင်နေသေးကြောင်း သက်သေပြနိုင်ဖို့ ဖိအားပေးတာကနေ၊ လွတ်မြောက်သည်အထိပါ ဖိအားပေးဘို့ ဆက်လက်ကြိုးစားသွားရပါမယ်။

ဒေါက်တာလင်းထွဋ်အတွက်သာ မဟုတ်ပါဘူး။ မိမိတို့၏ အသံကို ကြားစေရန် ဆက်လက်တိုက်ပွဲဝင်နေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းအတွက် ဖြစ်ပါတယ်။

အားလုံးစတင်ခဲ့တဲ့နေရာကို ပြန်ကြည့်ကြရအောင်ပါ။

၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်၊ ယနေ့တိုင် “၈၈၈၈” လို့ လူသိများတဲ့နေ့မှာ မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူထောင်ပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုဟာ အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ဟာ စစ်တပ်က မြန်မာပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်သလို ပြည်သူတွေက အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တာလည်း ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

အမှန်တကယ်တော့ အဲဒီနှစ် မတ်လလယ်လောက်ကတည်းက ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး ရိုက်နှက်တာ၊ တုတ်နဲ့ရိုက်တာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ၈၈၈၈ ဟာ အကြမ်းဖက်နှိမ်နင်းမှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အထင်ကရနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြသူ ခင်ဥမ္မာက ကျွန်တော်ရေးသားခဲ့တဲ့ “မြန်မာနိုင်ငံ – လမ်းဆုံပေါ်က နိုင်ငံတစ်နိုင်ငံ (Burma: A Nation at the Crossroads)” စာအုပ်အတွက် တွေ့ဆုံမေးမြန်းစဉ် အဲဒီသမိုင်းဝင်နေ့မှာ အထွေထွေရောဂါကုဆေးရုံကို သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သူမ ပြောခဲ့သလိုဆိုရင် အဲဒီဆေးရုံဟာ “သွေးတွေနဲ့ ပြည့်နေခဲ့တယ် နေရာတိုင်းမှာပဲ” လို့ ဆိုပါတယ်။

အဲဒီနှစ်ဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ပေါ်ပေါက်လာတဲ့နှစ်ဖြစ်သလို လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံပေါ်ကို ပထမဆုံး ဝင်ရောက်လာတဲ့နှစ်လည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ အစိုးရအဖွဲ့ဝင် ခြောက်ဦးနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ် ဩဂုတ် ၂၆ ရက်မှာ မိခင်ဖြစ်သူ လေဖြတ်ဝေဒနာ ခံစားရတာကြောင့် ပြုစုစောင့်ရှောက်ဖို့ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး လအနည်းငယ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတိဂုံဘုရားမှာ လူပေါင်း ခန့်မှန်းခြေ ငါးသိန်းခန့်ရှေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် နောက်တစ်လမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပြီး အနိုင်ရသူတွေကို ဖမ်းဆီးထောင်ချ၊ အာဏာကိုလည်း ပိုပြီးတင်းကျပ်စွာ ဆုပ်ကိုင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အကြားကာလတိုအချို့မှာ လွတ်မြောက်ခဲ့ပေမယ့် စုစုပေါင်း ၁၅ နှစ်နီးပါး အိမ်အကျယ်ချုပ်နဲ့ နေခဲ့ရပါတယ်။

သူမရဲ့ ဗြိတိန်နိုင်ငံသားခင်ပွန်း မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခုနှစ် မတ်လမှာ ဆီးကျိတ်ကင်ဆာနဲ့ ရောဂါခံစားနေရစဉ် စစ်အစိုးရက သူမနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ကိုတောင် ခွင့်မပြုခဲ့သလို ခင်ပွန်းရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခွင့်လည်း ပိတ်ပင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ နောက်ဆုံးတော့ သူမ လွတ်မြောက်လာခဲ့ပြီး တစ်နှစ်အကြာမှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေက နောက်ဆုံးမှာ ဆယ်နှစ်ခန့်ကြာမြင့်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အကန့်အသတ်ရှိတဲ့ ဒီမိုကရေစီဖွင့်လှစ်မှုနဲ့ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ သူမဟာ စစ်တပ်နဲ့ အာဏာခွဲဝေထားရပေမယ့် အရပ်သားဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ်ရဲ့ အမှန်တကယ် အဓိကခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူတွေ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိအောင် သတ်မှတ်ထားတာကြောင့် သူမဟာ သမ္မတရာထူးအစား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (State Counsellor) အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

အစိုးရအဖွဲ့မှာ သူမ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အချို့က အငြင်းပွားဖွယ်ရာ တချို့လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသား၊ ဘာသာရေးလူနည်းစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ထပ်မံရရှိပြီး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အဲဒီရလဒ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒုတိယသက်တမ်းကို စတင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

အရာအားလုံးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနေ့မှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး၊ စီးပွားရေးပြိုလဲမှု၊ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေရဲ့ ခေတ်သစ်တစ်ခုထဲ တွန်းပို့ခဲ့ပါတယ်။

အာဏာသိမ်းပြီး ငါးနှစ်ခွဲကျော်လာခဲ့ပြီဖြစ်သလို ဒီမိုကရေစီလှုပ်ရှားမှု စတင်ခဲ့တဲ့ ၈၈၈၈ ကနေ ၃၈ နှစ်လည်း ကြာမြင့်လာခဲ့ပါပြီ။ ဒီနေ့ မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရင်ကလောက် လုံလောက်တဲ့အလေးအနက်အာရုံစိုက်ခြင်းမရှိတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတာ အာရှတိုက်ရဲ့ အသေအပျောက်အများဆုံး ပဋိပက္ခကြီးပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ် ပြောသလို ICRC က သူ့မိခင်ဆီ သွားရောက် တွေ့ဆုံနိုင်တာဟာ “ပထမခြေလှမ်း ဖြစ်နိုင်ပေမယ့် နောက်ဆုံးခြေလှမ်း မဖြစ်သင့်ပါဘူး”။

သူမ အသက်ရှင်နေသေးကြောင်း အတည်ပြုနိုင်တာက အရင်က ရှိခဲ့တဲ့ မသေချာမရေရာမှုထက်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်ကတော့ သူမနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဖြစ်ရပါမယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထိတွေ့ဆက်ဆံမှုကို ရရှိလိုတယ်ဆိုရင် စစ်အာဏာပိုင်တွေဟာ အရပ်သားတွေကို ဗုံးကြဲတာနဲ့ သတ်ဖြတ်တာတွေကို ရပ်တန့်ရပါမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာရပါမယ်။ အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ဘာသာရေးဝတ်ပြုရာနေရာတွေနဲ့ သာမန်ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာနဲ့ မြေပြင်ထိုးစစ် တွေကိုလည်း အဆုံးသတ်ရပါမယ်။

နောက်ဆုံးအနေနဲ့ ၈၈၈၈ ဖြစ်ရပ်ကနေ ၃၈ နှစ်ကြာလာတဲ့ ဒီနေ့မှာ စစ်အစိုးရဟာ မတရား သိမ်းယူထားတဲ့ အာဏာကနေ ဆင်းပေးဖို့ အစီအစဉ်ကို ကြေညာရမယ်။ လုံးဝအသစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲဖို့ ဆွေးနွေးရပါမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပရပါမယ်။ ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ်ကို ထူထောင်ရပါမယ်။

ဒီလို မလုပ်ဆောင်ဘူးဆိုရင် ကမ္ဘာက မကြုံဖူးသေးတဲ့ အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သင့်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ကိုရီးယားနဲ့ ဒေသတွင်းက အခြားမိတ်ဖက်နိုင်ငံတွေလို ဒီမိုကရေစီနိုင်ငံတွေဟာ စစ်တပ်ရဲ့ ဘဏ္ဍာငွေ၊ လောင်စာဆီ၊ လက်နက်နဲ့ သံတ

မန်ရေးအကာအကွယ် ရရှိနိုင်မှုတွေကို ဖြတ်တောက်နိုင်အောင် ပိတ်ဆို့အရေးယူမှုတွေကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သင့်ပါတယ်။

တစ်ချိန်တည်းမှာ မြန်မာပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် ရပ်တည်နိုင်အောင် အထောက်အပံ့ဖြစ်စေမယ့် ရန်ပုံငွေတွေကိုလည်း တိုးမြှင့်ပေးသင့်ပါတယ်။

အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုမျိုးတွေ ကျူးလွန် နေကြသူတွေကို တာဝန်ယူမှုရှိစေဖို့ ကြိုးပမ်းမှုတွေကိုလည်း ပိုပြီး အားကောင်းအောင် ဆောင်ရွက်သင့်ပါတယ်။

၈၈၈၈ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အမိန့်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေထဲက တစ်ဦးတစ်ယောက်မှ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံခဲ့ရခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် ၈၈၈၈ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့တာမှစပြီး ဆယ်စုနှစ်လေးခုနီးပါး ကြာမြင့်လာပြီ ဖြစ်ပေမယ့် ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်အာဏာပိုင်တွေကို တရားဝင်မှု မပေးကြပါနဲ့။

ဒါ့အပြင် သူတို့ရဲ့ ပုံရိပ်ကောင်းရရှိရေးအတွက် ပြုလုပ်နေတဲ့ အပေါ်ယံလှည့်ကွက်တွေကိုလည်း အမှန်တကယ် ပြောင်းလဲမှုတွေအဖြစ် မမှတ်ယူကြပါနဲ့။

ထိုအစား မြန်မာနိုင်ငံရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်နိုင်ဖို့ အတူတကွ ကြိုးပမ်းကြပါစို့။

မြန်မာပြည်သူတွေ ရရှိသင့်တဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လည်း ဝိုင်းဝန်းကူညီကြပါစို့။

နှစ်ပေါင်း ၈၀ နီးပါး ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ လူသားချင်းစာနာမှု အကျပ်အတည်း၊ စီးပွားရေးပြိုလဲမှုနဲ့ တိုးပွားလာနေတဲ့ ဆင်းရဲမွဲတေမှုတွေကို အဆုံးသတ်နိုင်ဖို့ အခုအချိန်မှာ အတူတကွ ကြိုးပမ်းကြပါစို့။

နိုင်ငံရေးအကျဉ်းသားအားလုံ လွတ်မြောက်ရေး အတွက် အတူတကွ တောင်းဆိုကြပါစို့။

နောက်ဆုံးအနေနဲ့ ကာလရှည်ကြာ ဆင်းရဲဒုက္ခခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို အခြေခံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ကြပါစို့။

ကိုးကား – Benedict Rogers – UCA News | Fortify Rights

(ရှစ်​လေးလုံးအ​ရေး​တော်ပုံမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်တပ်က အကြမ်းဖက်ဖြိုးခွင်းစဥ/ ၂၀၂၁ ​နွေဦး​တော်လှန်​ရေး စစ်အာဏာသိမ်းမှုကိုဆန်ကျင်ဆန္ဒပြ​နေတဲ့ ပြည်သူ​တွေ နဲ့ ဆန္ဒပြ ပြည်သူ​​တွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုးခွင်းစဥ်။

ဓါတ်ပုံ- AP ၊ Getty ၊ NY Times ၊ AFP)

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ကျောင်းသားလူထုဟောပြောပွဲကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC)က ဦးဆောင်ပြီး ကလေးမြို့ပြင်ပတစ်နေရာမှာ ဒီကနေ့(ဩဂုတ်၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ