ငြိမ်း ရေးသားသည်။
ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်းမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို သြဂုတ် ၆ ရက်နဲ့ ၇ ရက်တို့မှာ သွားရောက်ခဲ့ပါတယ်။အဲဒီခရီးစဉ်မတိုင်မီကတည်းကသူ့ရဲ့ကျိန်စာသင့်ဆိုးကျိုးတွေ ခံစားရမှာစိုးလို့ ဒီလူထုနွေဦး(People’s Spring) ကနေပဲ “မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်း”ဆိုတဲ့ အမည်နဲ့ စာတစ်ပုဒ်ရေးခဲ့ပြီး တတ်နိုင်သမျှ စောလျှင်စွာ အသိပေး၊ သတိပေးခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရလို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။
ထိုင်းက စာသင်းကျောင်းတစ်ခုမှာသြဂုတ် ၇ ရက် မနက်ပိုင်းက အသက် (၁၄) နှစ်အရွယ် Grade 9 ကျောင်းသားတစ်ဦးကသေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ဆရာ၊ဆရာမနဲ့ကျောင်းသားစုစုပေါင်း ၆ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သလို သူ့ရဲ့ အဘိုး၊ အဘွားနှစ်ဦးကိုပါ သေနတ်နဲ့ပစ်သတ်ခဲ့တဲ့အပြင် သူကိုယ်သူလည်း အဆုံးစီရင် သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်လို့ ထိုင်းဝန်ကြီးချုပ်အနုတင် ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်နဲ့ မရှေးမနှောင်းမှာပဲ နေ့ကလေးထိန်းကျောင်းကို ကားဝင်တိုက်မိလို့ ကလေးငယ် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ မတော်တဆမှုမဟုတ်ဘဲ အထက်မှာပြောခဲ့ တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆိုတဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့်ဖြစ်တယ်ဆိုတာ ရှေ့က ဖြစ်စဉ် ဖြစ်ရပ်များကို သက်သေထူလို့ တိတိကျကျပြောလိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ရပ်ပေါ်ကနေပြီး “ထိုင်းနိုင်ငံထဲကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်”လို့ မင်းအောင်လှိုင်ကို ရည်ညွှန်းပြီး ပြောဆိုကာ သက်သေထူပြ လိုက်ပြန်ပါတယ်။ဒီဖြစ်ရပ်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် (ခ) ဗြဟ္မာ့ဦးခေါင်းကြီး ထိုင်း နိုင်ငံမြေကို ခြေချပြီး ၂၄ နာရီအတွင်းမှာပဲဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးများဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေသာမကပဲသူနဲ့ပတ်သက်ဆက်နွှယ်ပြီး ထပ်မံဖြစ်ပေါ်လာတာကတော့ ထိုင်းလူထုကပါ မြန်မာ့အကု သိုလ်ကောင် ဗြဟ္မာ့ဦးခေါင်းကြီးသူတို့ထံလာရောက်တာကို လက်မခံဘဲ ကန့်ကွက်ဆန္ဒပြကြတာ၊ လွှတ်တော် အမတ်တစ်ဦးက ကန့်ကွက်ဆန္ဒပြတာတွေအထိဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေကလည်း ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီးကန့်ကွက်ရှုတ်ချခဲ့ကြပါသေးတယ်။
အခုတော့ သူများနိုင်ငံကို သောကတွေပေးထားခဲ့ပြီးနောက် ဗြဟ္မာ့ဦးခေါင်းကြီးဟာ သူ့ရဲ့နေရင်းဒေသ မြန်မာကို ပြန်လည်ရောက် ရှိလာခဲ့ပါပြီ။ အဲဒီဦးခေါင်းကြီးကို လက်ခံထားရတဲ့ မိမိတို့မှာလည်း အချိန်နဲ့အမျှ ဘယ်လိုဘေးဒုက္ခ ဆိုးတွေနဲ့ ကြုံတွေ့ရလေမလဲဆိုတဲ့ စိုးရိမ်စိတ်များနဲ့သာ နေ့နေ့၊ ညည ဖြတ်ကျော်နေရပါတယ်။ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး ဒီကနေ့ကာလအထိ ဆိုးကျိုးတွေသာ တင်းပြည့်ကျပ်ပြည့်ပေးလာခဲ့တာ ငါးနှစ်ကျော်ကာလ တိုင်လာပါပြီ။ လက်ရှိမှာလည်း လေးမျက်နှာကစလို့ အညာဒေသပါမကျန်နိုင်ငံနေရာအတော်များများမှာ ရေကြီးရေလျှံခြင်းဘေးတွေနဲ့ စတင် ကြုံတွေ့လာနေရပြန်ပါပြီ။
မင်းအောင်လှိုင်ရဲ့ဒီအကုသိုလ်တွေဟာဘယ်က စသလဲဆိုရင်ဒီချုပ်အစိုးရဟာမဲခိုးပါတယ်။ မဲမသမာပြုပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ရာကနေစပါတယ်။ ကိုဗစ်ကာလ မိမိတို့အသက်အန္တရာယ်ကိုမှမမှုဘဲ အာဏာရူးတွေ အုပ်စိုးလာမှာစိုးလို့ ကြိတ်ကြိတ်တိုးတန်းစီမဲထွက်ပေးခဲ့ကြတဲ့ ပြည်သူတို့ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အခုလိုလုပ်လိုက်တာကြောင့် အကုသိုလ်တွေစဝင်ခဲ့တော့တာပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် လူထုက ငြိမ်းချမ်းစွာမိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်ချိန်မှာလည်း လက်နက်အားကိုးနဲ့ ပစ်ခတ် နှိမ်နင်းခဲ့လို့ ကလေးသူငယ်များကစပြီး သက်ကြီးရွယ်အိုများအထိ အပြစ်မဲ့ပြည်သူများစွာ သေကြေပျက်စီးခဲ့ရ ပါတယ်။
ဒီလုပ်ရပ်အပေါ် မကျေနပ်လို့ ရရာလက်နက်စွဲကိုင်တော်လှန်ချိန်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လက်နက်အားကိုးနဲ့ပဲ မိုက်တွင်းနက်ကာ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ကာ ချေမှုန်းခဲ့ ပြန်ပါတယ်။ ဒါတင်မကသေး သူ့အာဏာလုံခြုံရေး၊ တည်မြဲရေးအတွက် မည်းမည်းမြင်ရာချေမှုန်း တိုက်ခိုက်တဲ့ တာကြောင့် စာသင်သားကလေးသူငယ်များကိုပါမချန် ရက်စက်စွာသတ်ဖြတ်ပစ်ခဲ့တဲ့ လက်ယက်ကုန်း၊ ပဇီကြီး၊ မုန်လိုင်ခက်နဲ့ အနန့်ပါလို လူမဆန်တဲ့ ဖြစ်ရပ်ဆိုးကြီးတွေကိုလည်း ဖော်ဆောင်လာခဲ့ပြန်ပါတယ်။ ဒီနေ့အချိန်ထိ လည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဒီလို သူ့ရဲ့အာဏာရူးခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာစသိမ်းခဲ့ချိန်ကစလို့ ဒီကနေ့ကာလ သြဂုတ် ၇ ရက်အထိ သေဆုံးခဲ့ရသူ ပြည်သူ စုစုပေါင်း ၈၂၃၉ ဦးရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ ကလေးသူငယ်သေ ဆုံးမှုက ၁၀၉၆ ယောက်ရှိပါတယ်။ ဖမ်းဆီးနှိပ်စက်ခြင်းခံရသူစုစုပေါင်းက ၃၁,၆၈၆ ယောက်ရှိပါတယ်။
ဒါတွေဟာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေဖြစ်ပြီး ဘာသာရေးဘက် က ကြည့်မယ်ဆိုရင် လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင်ဆပ်လို့မကုန်နိုင်တဲ့ အကုသိုလ်ကြွေးတွေဖြစ်ပါတယ်။ ဒီအကုသိုလ်ကြွေးတွေကပဲ ဒီကနေ့လို ဒင်းဟာသမုဒ္ဒရာထဲပစ်ချရင် ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင် မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင် မီးဟုန်းဟုန်းတောက်လောင်တဲ့ ခေတ်သစ်ဗြဟ္မာ့ဦးခေါင်းကြီးဖြစ်နေခဲ့တာပါ။
မယုံမရှိကြပါနဲ့။ ဒီဗြဟ္မာ့ဦးခေါင်းကြီးနဲ့ပတ်သက်လို့ ကြည့်မယ်ဆို ပူပူနွေးနွေးအိန္ဒိယလူထုအုံကြွမှုလို၊တရုတ်သဘာဝဘေးလို၊ပူတင်တောင် ပုန်းနေရပြီဖြစ်တဲ့ ရုရှားဖြစ်ရပ်ဆိုးတွေလို ဖြစ်စဉ်ဖြစ်ရပ်တွေကို ကြည့်ရင် သိသာထင်ရှားတွေ့နိုင်ပါတယ်။အဲဒီနိုင်ငံတွေအကုန်လုံး သူရောက်ပြီးနောက်။ သူ့ကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး နောက်မှသာ အခုလိုဖြစ်ရပ်ဆိုး၊ ဘေးဆိုးတွေနဲ့ ကြုံခဲ့ရတာချည်းဖြစ်ပါတယ်။ အခုလည်း ထိုင်းဖြစ်ရပ်ဆိုးနှစ်ခုက ထပ်ပြီးသက်သေထူနေပြန်ပါတယ်။ ကောဇောနီနဲ့ ကြိုခဲ့တဲ့ အနုတင်အတွက် ဂြိုဟ်ဆိုးတွေတန်းစီဝင်လာရင်လည်း အံသြစရာမဟုတ်ပဲ ဗြဟ္မာ့ဦးခေါင်းကြီးကြောင်သာဖြစ်ပါတယ် ။တိုက်ဆိုင်မှုမဟုတ်ပါ။ အကုသိုလ်ကောင်ကြောင့်သာဖြစ်ပါတယ်။
အခုဆက်ပြီးကြိုတင်အသိပေး၊ သတိပေးလိုတာကတော့ အာဆီယံပါပဲ။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင် လှိုင် (ခ) ဗြဟ္မာ့ဦးခေါင်းကြီးဟာ သူ့ရဲ့ ဇွတ်သမ္မတ၊ ဇွတ်အစိုးရ၊ ဇွတ်လွှတ်တော်တို့ တရားဝင်ဖြစ်စေဖို့အတွက် အာဆီယံရဲ့ အထောက်အပံ့များစွာလိုအပ်နေပါတယ်။ ဒါကြောင့်ပဲ အာဆီယံထဲကို နောက်ဖေးပေါက်ကဖြစ်ဖြစ်၊ ခွေးတိုးပေါက်ကဖြစ်ဖြစ် ရတဲ့နည်းလမ်းနဲ့ ရသလိုဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုထိုင်းခရီးစဉ်မှာလည်း အာဆီယံ ထဲ သူဘယ်အပေါက်က ဝင်လို့ရနိုင်မလဲဆိုတဲ့ကြိုးပမ်းချက်တွေ ရှိနေတာကိုမျက်ဝါးထင်ထင်တွေ့မြင်ကြရပါ တယ်။
ဒီတော့ အာဆီယံကိုလည်း ကြိုတင်အသိပေး၊ သတိပေးလိုတာကတော့ သင်တို့ချမှတ်ထားတဲ့တူညီဆန္ဒ ၅ရပ် (Five Point Consensus) ကို ဆက်လက်ဆုပ်ကိုင်ထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် (ခ) ဗြဟ္မာ့ဦးခေါင်းကြီးကို ခွေးတိုးပေါက်ကနေတောင် အဝင်မခံကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နောက်ဆုံးတောင်းဆိုချက်တစ်ခုနဲ့စာကို နိဂုံးချုပ်ချင်ပါတယ်။နတ်သမီးခုနစ်ဖော်ခင်ဗျား…မြန်မာ့မြေပေါ်မှာ မှီခိုနေ ထိုင်ရင်း ကမ္ဘာပတ်ဒုက္ခပေးနေတဲ့ အသင်တို့ရဲ့ဗြဟ္မာ့ဦးခေါင်းကြီးကို မနှေးသောအမြန်နည်းနဲ့သာ ကျွန်ုပ်တို့မြေပေါ် ကနေပြန်လည်ဆောင်ကြဉ်းသွားကြဖို့ ဒီနေရာကနေပဲ မေတ္တာရပ်ခံတိုက်တွန်းတောင်းဆိုလိုက်ရပါတယ်။


















































