Connect with us

Hi, what are you looking for?

ဆောင်းပါး

အကြွေးသံသရာထဲမှ ဘဝများ

“လူတွေ စီးပွားပျက်ပြီး သူတောင်းစားဖြစ်မယ့်အတိုးက မတ်တိုးပဲ”

ထွဋ်ဇော် ​ရေးသားသည်။

မြို့ပြအောက်ခြေလူတန်းစားများအကြား ရုတ်တရက်ကြုံတွေ့လာရသည့် ကျန်းမာရေးကိစ္စ၊ မိသားစုကိစ္စနှင့် စီးပွားရေးလိုအပ်ချက်များကြောင့် အရေးပေါ်လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းရန်မှာ ကြွေးနွံ့ထဲနစ်မည်ကို သိသော်လည်း ထိုမှတစ်ပါး အခြားဖြေရှင်းနည်းမရှိပေ။

ရပ်ကွက်များထဲအောက်ခြေလူတန်းစားတစ်ရပ်အကြား အရေးပေါ်လိုအပ်သည့် ငွေကြေးကိစ္စရပ်ကို ဖြေရှင်းရန် တရားဝင်ဘဏ်များနှင့် အဖွဲ့အစည်းများအကြား ချေးငွေရယူရန်မှာ အခက်အခဲများရှိနေခြင်းကြောင့် ထို ရပ်ဝန်းတစ်ခုမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများအကြား ငွေချေးယူရန် အဓိက အခက်အခဲများတွင် အာမခံပစ္စည်းမရှိခြင်း၊ ဝန်ထမ်းမဟုတ်သောကြောင့် ဝင်ငွေဖော်ပြနိုင်မှုမရှိခြင်း၊ ငွေကြေးရရှိရန် အချိန်ကြာမြင့်မှုများဟာ ရပ်ကွက်နေ အောက်ခြေလူတန်းစားများအဖို့ စည်းကမ်းချက်များပြားသကဲ့သို့ဖြစ်နေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အချိန်ကုန်သက်သာပြီး ငွေကြေးအလွယ်တကူရရှိနိုင်သည့် ရပ်ကွက်အတွင်းရှိ ငွေတိုးပေးသူများထံတွင်သာအဆုံးသတ်လေသည်။

ရပ်ကွက်များအတွင်း ပျံ့နှံ့နေသည့် ငွေတိုးချေးစားသည့် အဓိကပုံစံ သုံးမျိုးရှိလေသည်။

နေ့သွင်းဟုဆိုသောတစ်ရက်လျှင်တစ်ကြိမ် အတိုးနှင့် အရင်းပေါင်းပေးရသည့် ပုံစံ၊ လပေးဟုဆိုသည့် တစ်လပြည့်လျှင် အတိုးနှင့်အရင်း ပေါင်းပေးရသည့် ပုံစံနှင့် အဆိုးရွားဆုံးအခြေအနေတစ်ခုဟုဆိုသည့် မတ်တိုးမှာ ချေးယူထားသည့်အရင်းအားမဆပ်နိုင်မခြင်း တစ်ရက်တစ်ခါ သတ်မှတ်အတိုးပေးနေရသည့် ပုံစံဖြစ်သည်။

ငွေတိုးချေးစားသူများသည်အာမခံပစ္စည်းများမတောင်းဘဲလူလူချင်းယုံကြည်မှု သို့မဟုတ် ရပ်ကွက်အတွင်း နေထိုင်မှုကို အခြေခံ၍ ငွေချေးပုံစံအမျိုးမျိုးဖြင့် ချေးပေးကြသည်။ အာမခံမရှိ ‌‌ငွေချေးရသည့်အတွက် ၄င်း၏ ‌ငွေကြေး စွန့်စားရမှုကိုအကြောင်းပြ၍ အတိုးနှုန်းများကိုသာမာန်ထက် ဆပေါင်းများစွာ ပိုမိုတောင်းခံကြနေသည်။

“လူတွေ စီးပွားပျက်ပြီး သူတောင်းစား ဖြစ်မယ့်အတိုးကမတ်တိုးပဲ။ အခုဈေးရင်းမယ်။ ဥပမာ ဈေးရင်းချင်တယ်။ပိုက်ဆံ ၁ သိန်းကို တစ်ရက် ၅ ထောင်ပေးရတယ်။၁ရက်စီ အတိုး”ဟု ရပ်ကွက်တစ်ခုအတွင်း ငွေချေးမှုနှင့်ပတ်သက်၍ သိရှိသူ မမွန်မွန်က ပြောသည်။

မတ်တိုးစနစ်တွင် ငွေ ၁ သိန်းကျပ် ချေးယူပါက တစ်နေ့လျှင် အတိုးချည်းသက်သက် ၅,၀၀၀ ကျပ် ပေးရသည်။ အဆိုပါအတိုးတွင် အရင်းမပါဝင်ဘဲငွေချေးယူသူအနေဖြင့် ရင်းနှီးမတည်ငွေ သို့မဟုတ် အရေးပေါ်သုံးစွဲရန် အတွက် အချိန်တိုအတွင်း ချေးယူကြခြင်းဖြစ်သည်။

ဥပမာအားဖြင့် ငွေ ၁ သိန်းကျပ်ကို ၁၀ ရက်မျှ မဆပ်နိုင်ဘဲ သုံးစွဲထားပါက အတိုးသက်သက် ၅၀,၀၀၀ ကျပ် ပေးဆပ်ရမည်ဖြစ်ပြီး၊ ရက် ၂၀ ကြာမြင့်ပါက အရင်းနှင့်ထပ်တူ အတိုးပမာဏ ထပ်မျှပေးရမည် ဖြစ်သည်။

ရပ်ကွက်ဈေးသည်များအနေဖြင့် ဈေးရောင်းရန် ရင်းနှီးငွေအဖြစ် “မတ်တိုး”ယူသုံးကြရာမှ စျေးရောင်း၍ မြတ်သမျှ အတိုးဆပ်ရင်း နောက်ဆုံးတွင် ရင်းနှီးငွေပါပြုတ်ထွက်သည့် အခြေအနေသို့ ဆိုက်ရောက်ကြရသည်။ဤစနစ်သည် ရက်တို အရေးပေါ်ငွေ လိုအပ်ချက်အတွက် အသုံးဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရက်ရှည်သွားပါက ချေးယူသူ၏ စီးပွားရေးကို လုံးဝ ပျက်စီးစေသည့် စနစ်တစ်ခု ဖြစ်သည်။

“အဲ့လိုလည်းဖြစ်သွားတာအများကြီးပဲ။အခုနောက်ပိုင်းတကယ်မှန်ကန်တဲ့လူကျတော့ အရေးကြောင်း တစ်ခုရှိတယ်။သုံးချင်တယ်ဆိုရင်တော့ မှန်တယ်ဆိုလို့ရှိရင်တော့ ထုတ်ပေးတယ်။ ၅ သိန်းလောက် လိုချင်တယ်။ ၂ ရက်၊ ၃ ရက်၊ ၃ ရက်သုံးလေးပဲ ယူမှာဆိုရင် အဲ့လိုလူမျိုး ပေးတယ်။ အဲ့လိုလူမျိုး အမှန်ကန် ပြန်ပေးမယ်ဆိုရင် ပေးတဲ့လူလည်း တန်တယ်။ ယူတဲ့လူလည်း တန်တယ်။ ယူတဲ့လူဖို့ ဘာလို့တန်လဲဆိုတော့ ၅ သိန်းကို ဗြုန်းကနဲ အလုံးရင်းလိုက်ကြီး သုံးချင်တာ။ ၃ ရက်လောက်လေးပဲ သုံးချင်တာဆိုလို့ရှိရင် ၇ သောင်းခွဲဆို ပေးတဲ့လူဖို့ ကလည်း ၅ သိန်းကို တန်တယ်။ ယူတဲ့လူဖို့ကလည်း တန်တယ်။ ပေးတဲ့လူကလည်း အများကြီး မသုံးဘူး။ ဘယ်နှစ်ရက် သုံးမှာလဲ သူက မေးပြီ အခုနောက်ပိုင်း”ဟု မမွန်မွန်က ရှင်းပြသည်။

ထိုသို့သောအကြောင်းချင်းရာများကြောင့် မတ်တိုးဟုဆိုသော အတိုးပေးငွေချေးမှုမှာ လူနည်းစုတွင်သာအလုပ်လုပ်ဖြစ်နေတော့သည်။မတ်တိုး ဖြင့် အောက်ခြေလူတန်းစား ရုန်းကန်နေရသူများအဖို့ အရေးပေါ် ကြုံတွေ့လာ ရသည့် အခက်အခဲများကို ဖြေရှင်းရန် နောက်တစ်နည်းမှာ “နေ့သွင်း”ဆိုသည့် ငွေချေးငှားမှု ပုံစံဖြစ်ပေသည်။

သာမာန်ရိုးကျအားဖြင့် ကျပ်နှစ်သိန်းချေးလျှင် တစ်ရက်ကျပ်တစ်သောင်းနှုန်းဖြင့် ၂၄ ရက်တိုင်တိုင်အတိုးနှင့်အရင်းပေါင်း၍ ပြန်လည်ပေးဆပ်ရသည့် စနစ်ဖြစ်သည်။ အဆိုပါစနစ်တွင် အတိုးနှုန်းမှာ ၂၀ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်း မစုစုက ရှင်းပြသည်။

“မနက်ဖြန်ဈေးဝယ်ရင်းဖို့ ပိုက်ဆံက မရှိတော့ဘူးလေ။ အိမ်မှာလည်း အရေးပေါ် လိုနေတာနဲ့ ဟိုလူ့ထံ ဒီလူ့ထံ သွားချေးမိတာပဲ။တစ်ရက်ချင်းအတိုးနဲ့အရင်းပေါင်းပြီးပြန်ဆပ်ရတာပေါ့။ ရောင်းလို့ကောင်းတဲ့ရက်ကျတော့ အတိုးအရင်းပိုဆပ်ပေါ့”ဟုသူကပြောသည်။

ထိုသို့နေ့စဉ်မှန်မှန်စျေးရောင်းရသည့် အခြေအနေမျိုးတွင် “နေ့သွင်း” ဟု ဆိုသည့် ငွေချေးယူထားမှုအတွက် ပုံမှန်ပေးနိုင်သော်လည်း နှစ်ရက်-သုံးရက်ခန့် စျေးရောင်းမှုမကောင်းပါက တစ်ရက်တာ ပေးရမည့် ငွေပမာဏကို မပေးနိုင်တော့ဘဲ အခြားသူတစ်ဦးထံမှ ထပ်မံအကြွေးယူ၍ဖြေရှင်းရကြောင်းမစုစုကပြောသည်။

“​ဈေးရောင်းမကောင်းတဲ့ရက်တွေများလာတဲ့ အခါကျတော့ အခြားသူ့ထံက ထပ်ချေးပြီး လှည့်ပေးနေရတာနဲ့ အကြွေးက မလွတ်တော့ဘူး”ဟု သူမက ညီးတွားသည်။

အချို့‌ငွေချေးသူများသည်ထိုတစ်ဦးထံမှအကြွေးကို နောက်တစ်ဦးထံမှ ဆင့်ကဲဆင့်ကဲ ချေးငှားပြီး အကြွေးကို အကြွေးဖြင့် ဖာထေးလာမှုများလာခြင်းကြောင့်နောက်ဆုံးတွင် ပြန်မဆပ်နိုင်တော့ဘဲ နေရပ်မှထွက်ပြေးသွားမှု များလည်းရှိနေသည်။

“အကြွေးများလာရင်ထုံးစံအတိုင်းပေါ့။ ယူထားတဲ့လူတွေက များလာတယ်။ ဒီကလည်း ယူတယ်၊ ဟိုကလည်း ယူတယ်။ ဥပမာပေါ့နော် မဖြူဆီကလည်း ထုတ်တယ်၊ မနီဆီကလည်း ထုတ်တယ်။ သွင်းစရာတွေ များလာရင် နောက်ထပ်လှည့်၊ လူလည်ကျလည်း ကျလာရောရပ်ကွက်ပြောင်းပြီးပြေးသွားတာ”ဟု ရပ်ကွက်အတွင်း ငွေချေးပေးနေသည့် မအေးကဆိုသည်။

အဆိုပါ ကြွေးသံသရာသည် ငွေချေးသူများအတွက်သာမကငွေထုတ်ပေးသူများ အတွက်ပါ အပြန်အလှန် ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း သူကဆိုသည်။ရပ်ကွက်အတွင်းရှိ ငွေတိုးချေးစားသည့် စနစ်များသည် ငွေချေးယူသူများအတွက်ရေနစ်သူဝါးကူထိုးသကဲ့သို့ ဖြစ်စေပြီး၊ငွေထုတ်ပေးသူများအတွက်လည်း တရားဥပဒေ အကာအကွယ်မရှိဘဲ ဆုံးရှုံးမှုများသည့်ဘေးထွက်ဆိုးကျိုးများရှိနေသည်။

တစ်ဖက်တွင်လည်းငွေတိုးပေးသူများသည် အာမခံပစ္စည်းမပါဘဲ ယုံကြည်မှုတစ်ခုတည်းဖြင့် ချေးနေခြင်းကြောင့် ငွေချေးယူသူများ တိမ်းရှောင်သွားပါက ဆုံရှုံးနိုင်ခြေ အများအပြားရှိနေပြီး ချေးငွေငွေပမာဏ စုစုပေါင်း၏ တစ်ဝက်ခန့်မှာ ပြန်မရဘဲ ဆုံးရှုံးနေရကြောင်း ငွေတိုးပေးသူများ၏ ပြောပြချက်အရ သိရသည်။

ငွေတိုးချေးစားခြင်းသည်ဥပဒေအရ အကာအကွယ်မရသည့်လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ငွေတိုးပေးသူများသည် ငွေကြေးဆုံးရှုံးမှုများပြားလာသည့်အခါ တရားရုံး၊ ရဲစခန်းများသို့ သွားရောက်တိုင်ကြား၍ မရသဖြင့် နောက်ပိုင်းတွင် “လူမိုက်အဖွဲ့များ” ငှားရမ်းကာအိမ်တိုင်ရာရောက်ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် တောင်းခံခြင်းနှင့် ရိုက်နှက်တိုက်ခိုက်ခြင်းများကိုပင် ပြုလုပ်လာကြသည်ကို မြင်တွေ့နေရသည်။

“တစ်ချို့ဆိုမပေးနိုင်တော့ဘူး။အသားရှိတယ် အသားဖဲ့ယူသွားဆိုပြီးပြောတာ။တကယ်လုပ်တဲ့သူတွေနဲ့ ကြုံရော ရိုက်ကြနှက်ကြ ဖြစ်တာပဲ။ကိုယ့်ဘက်က မှန်မှန်ကန်ကန် ပေးနေရင် ကိုယ့်ကိုလည်း ဒီလိုလုပ်မှာ မဟုတ်ဘူးလေ။ ကိုယ်က မလုပ်၊ မပေးနိုင်တဲ့အခါ လူလည်ကျ၊ ဖျံကျ၊ ကွက်ကျော်နင်း လာတဲ့အခါကျတော့ ကိုယ့်အသက် အန္တရာယ်တောင် စိုးရိမ်လာရတယ် ဆိုတာ ဖြစ်လာတာပဲလေ” ဟုမအေးကဆိုသည်။

ထိုသို့အတိုးမြင့်ငွေချေးယူမှုများသည် အကြွေးသံသရာထဲတွင်လည်ပတ်ချင်၍ မဟုတ်ကြဘဲ အရေးပေါ် လိုအပ်လာ၍ မယူမဖြစ်သာယူကြရပြီးမထင်မှတ်ဘဲနှစ်ရှည်အကြွေးသံသရာထဲ ရောက်မှန်း မသိရောက် သွားကြခြင်းဖြစ်သည်။

ရပ်ကွက်များတွင်းငွေတိုးချေးစားခြင်းသည် အခြေခံလူတန်းစားများအတွက်စနစ်မဲ့ ငွေကြေးဖြေရှင်းချက်တစ်ခုဖြစ်နေသော်လည်း၊မြင့်မားနေသည့်အတိုးနှုန်းများကြောင့်လူမှုစီးပွားပတ်ဝန်းကျင်တစ်ခုလုံးကို အဆိုးဘက်သာရိုက်ခတ်စေကြောင်း သုံးသပ်ကြသည်။

လက်ရှိ ကြုံတွေ့နေရသည့်စီးပွားရေးအကျပ်အတည်းများနှင့် အခြေခံလူတန်းစားများ၏ ငွေကြေးလိုအပ်ချက်ကို စနစ်တကျ ဖြေရှင်းမပေးနိုင်သရွေ့ ဤဒုက္ခသံသရာသည် ဆက်လက်လည်ပတ်နေဦးမည် ဖြစ်ပါသည်။

မှတ်ချက် – ဆောင်းပါးပါ အမည်များအား အမည်လွှဲများဖြင့်သာ ဖော်ပြထားပါသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

အတွေးအမြင်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့သည့် ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေ၏ သုံးပုံတပုံ (၃၈.၃ ရာခိုင်နှုန်း)သည် ဆင်းရဲမွဲတေနေကြပါသည်။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။