စက်တင်ဘာ ၂၃၊ ၂၀၂၆။ ရွက်ဝါ/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၃ရက် နေ့လည် ၁၂နာရီခွဲလောက်မှာ စစ်တပ်ဟာ နယ်စပ်တကြော ကင်းထောက်လေယာဉ် ပတ်ပျံသန်းခဲ့တာလို့ ဆိုပါတယ်။
“ တရုတ်နယ်စပ်မျဉ်းနဲ့ သိပ်မကွာဘူး။ အလော့ဘွမ် အဲဒီကနေ ဖြတ်ပြီးမှ ခရာဘွမ် အဲဒီတကြောကနေ ဖြတ်သွားပြီးမှ နန်ဆန်ယန်ဘက်ကို ဖြတ်သွားပါတယ်။ အဲဒါက ဂျက်တိုက်လေယာဉ်မဟုတ်ပါဘူး။ ကင်းထောက်လေယာဉ်ပါ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒုတိယအကြိမ်မှာလည်း စစ်တပ်လေယာဉ်ဟာ နန်ဆန်ယန်တကြောကို တပတ်လာပတ်ပြီးမှ ပြန်ဆင်းသွားတာလို့ ဆိုပါတယ်။
“ အဲဒီ နှစ်ကြိမ်ရှိခဲ့ပါတယ်။ နောက်တခုက အဲဒီ စကစ ကင်းထောက်လေယာဉ်လာပြီးနောက် ဆယ်မိနစ်လောက်ကြာတဲ့အခါ တရုတ်လေယာဉ်ကလည်း အဲဒီနယ်စပ်မျဉ်းနဲ့ ကပ်လျက် ကျနော်တို့ လိုင်ဇာဒေသတ၀ိုက်ကနေ သူ့ဘက်အခြမ်းကနေ ကင်းလှည့်တဲ့ဟာ တကြိမ်ရှိခဲ့ပါတယ်။ အဲဒါကတော့ ထူးခြားမှု ဖြစ်တာပေါ့” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်တပ်အနေနဲ့ မြန်မာ-တရုတ်နယ်စပ် လိုင်ဇာဒေသကို လေယာဉ်ပျံသန်းခြင်းမပြုမီ တရုတ်နိုင်ငံဘက်ကို အကြောင်းကြားထားတယ်ဆိုတဲ့ သတင်းတွေလည်းရှိပါတယ်။
“စကစ ဘက်က အဲဒီ နယ်စပ်နဲ့ သိပ်မကွာတဲ့နေရာမှာ လေယာဉ် လာပျံသန်းမယ်ဆိုပြီးမှ တရုတ် ကို အကြောင်းကြားထားတာနဲ့ တူပါတယ်။ အဲဒီ အခါကျတော့ စကစ လေယာဉ် လာတာနဲ့ အချိန်သိပ်မကြာ တရုတ်ကလည်း သူ့နယ်စပ်ကို ကာကွယ်တဲ့ ပုံစံတွေနဲ့ အမြဲတမ်းပျံနေကြပါ။ အမြဲတမ်းဆိုတာ အရေးကြီးတဲ့ အချိန်တွေပေါ့” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က တရုတ်ဘက်က လေယာဉ်ပျံသန်းပြမှု အပေါ် သုံးသပ်ပါတယ်။
အရင်ကလည်း စစ်တပ်ဟာ KIO ဌာနချုပ်နယ်မြေအနီးတ၀ိုက် လေယာဉ်တွေ ပျံသန်းတာ၊ လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့ရာ တရုတ်ဘက်ကလည်း သတိပေး ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီလို အခြေအနေရှိခဲ့တာနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “လိုင်ဇာကို စကစ လေယာဉ်လာတဲ့ အချိန်မှာ တရုတ်က ပစ်တယ်ဆိုတာကတော့ လေယာဉ်ကနေ ပစ်တာမဟုတ်ဘူး။ သူတို့ တပ်စွဲထားတဲ့ နေရာကနေ လေကြောင်းရန် ကာကွယ်ရေး အမြောက်ကြီးတွေနဲ့ ပစ်တာပါ။ ဒါကလည်း သူ့ပိုင်နက်ထဲမှာပဲ ပစ်တာပါ။ စကစ လေယာဉ်ကို ပစ်တာမဟုတ်ဘူး။ ဒါဟာ တရုတ်ပြည်နယ်စပ်ဖြစ်သွားပါပြီဆိုတဲ့ဟာကို အချက်ပြအနေနဲ့ ဟိုးအမြင့်ကြီး ကောင်းကင်ကို ပစ်ပြတဲ့ အခြေအနေပဲရှိပါတယ်” လို့ ပြောပါတယ်။
အကယ်၍ စစ်တပ်က လိုင်ဇာမြို့ကို ဗုံးလာကြဲမယ်ဆိုပါက လိုင်ဇာနဲ့ ချောင်းငယ်တခုသာခြားတဲ့ တရုတ်ဘက်က ပြည်သူနေထိုင်ရာတွေလည်း သက်ရောက်မှု တစုံတရာရှိမှာ ဖြစ်ပါတယ်။
“ဟိုဘက်ကမ်းက တရုတ်ဘက်ကမ်းက ပြည်သူတွေအကုန်လုံးရွှေ့ပြောင်းသွားပြီဆိုတဲ့အခါကျလို့ရှိရင်တော့ အများကြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာနိုင်တာပေါ့လေ။ အခုက အဲဒီ အခြေအနေ မရောက်ပါဘူး” လို့လည်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ရေကြောင်းက သင်္ဘောတွေနဲ့ လာရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေ ခံရလို့ သင်္ဘော အစီး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးမီးလောင် နစ်မြုပ်ခဲ့ရသလို သင်္ဘောလုံခြုံရေး စစ်ကြောင်းတွေလည်း အထိနာ တပ်ပျက်ခဲ့ရပါတယ်။
ဒါကြောင့် KIO ဌာနချုပ်ကို ဗုံးကြဲဖို့ စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်တာတွေလည်း ရှိနေပါတယ်။
စစ်တပ် အကျအရှုံးများနေချိန်ဖြစ်လို့ ပြည်သူတွေလေကြောင်းရန် သတိပြုဖို့ KIOက ထုတ်ပြန်ခဲ့တဲ့ စာမှာ လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်းကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထားပါတယ်။



















































