စက်တင်ဘာ ၂၃၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေက ပြည်သူတွေ လေကြောင်းရန် အထူးသတိရှိဖို့ KIO က ဒီကနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ကချင်ဘာသာနဲ့ ရေးသားထားတဲ့ အဲဒီစာကို ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း လူမှုကွန်ရက်ပေါ် ရေးသားဖော်ပြတာတွေ တွေ့ရပါတယ်။
ထုတ်ပြန်စာကို KIO ဗဟို အုပ်ချုပ်ရေးက ထုတ်ပြန်တာလို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
“ လေယာဉ်သတိပေးချက်နဲ့ လူစုလူဝေး မလုပ်ကြဖို့ ဟုတ်တယ်” လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ထုတ်ပြန်စာပါအကြောင်းအရာကို ပြောပြပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အဲဒီစာဟာ KIO ဗဟို အုပ်ချုပ်ရေးရုံးချုပ်ကနေ လက်အောက်ရှိ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ လိုင်ဇာအထူးအုပ်ချုပ်ရေးရုံးတွေကို စက်တင်ဘာ ၂၂ရက်က ပေးပို့ခဲ့တဲ့ လေကြောင်းသတိပေးချက်နဲ့ ပတ်သက်တဲ့ ညွှန်ကြားစာလို့ ရှင်းပြပါတယ်။
“အဓိက အကြောင်းအရင်းခံကျတော့ အခုလိုင်းထဲမှာလည်း ပြန့်နေတဲ့ဟာ လိုင်ဇာတဝိုက်ကို နယ်စပ်ဒေသကို ဗုံးကြဲဖို့အတွက် တရုတ်ကို ခွင့်တောင်းပါတယ်ဆိုတဲ့ ကိစ္စရယ် ပြီးတော့မှ အခု သူတို့ရဲ့ ရေကြောင်းစစ်ဆင်ရေးမှာ သူတို့ အများကြီးကျရှုံးတဲ့အတွက် တနေရာရာမှာ ဂလဲ့စားချေလိမ့်မယ်ဆိုတာ ကျနော်တို့ တွက်မိပါတယ်။ အဲဒါကြောင့်မို့ ကျေးရွာအုပ်ချုပ်ရေးအဆင့်ထိ အဓိက ညွှန်ကြားတာက နံပါတ်တစ်က ဒီအချိန်မှာ လူစုလူဝေး ပျော်ပွဲရွှင်ပွဲတွေမလုပ်ဖို့ပေါ့” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
နေအိမ်တိုင်းမှာ ကတုတ်ကျင်းတွေ တူးထားဖို့၊ သေရေးရှင်ရေး အရေးကြီးကိစ္စ မရှိရင် အဝေးခရီးသွားလာတာမလုပ်ဖို့။ လေကြောင်း သတင်းကို ကွန်ရက်အချင်းချင်း အချိန်မီသတင်းပေးဖို့ ကြဖို့ စတဲ့ အချက် လေးချက်ကိုညွှန်ကြားထားကြောင်း ရှင်းပါတယ်။
အခြား သတင်းရင်းမြစ်တစ်ဦးရဲ့ ရေးသားဖော်ပြချက်မှာလည်း လက်ရှိစစ်ရေးအခြေအနေအရ အာဏာသိမ်းအကြမ်းဖက်အဖွဲ့ဟာ စစ်ဆင်ရေးအကျ အရူံးများနေသောအချိန်ကာလဖြစ်လို့ KIO/KIA ထိန်းချုပ်နယ်မြေက ပြည်သူတွေအနေနဲ့ လေကြောင်း စစ်ဆင်ရေးနဲ့ ဒရုန်းဗုံးကြဲချခြင်းများအတွက် အထူးသတိပေး ထားတာလို့ ဆိုပါတယ်။
စစ်တပ်ဟာ ဩဂုတ်နဲ့ စက်တင်ဘာလမှာ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့နယ်အတွင်း မြေပြင်နဲ့ ရေကြောင်းတိုက်ပွဲတွေမှာ ထိခိုက်ဆုံးရှုံးများပြားခဲ့ပါတယ်။
ကချင်ကို စစ်အင်အားဖြည့်ဖို့ လာတဲ့သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော ၂၀စီးလောက် ပျက်စီး၊ မီးလောင်၊ နစ်မြုပ်ခဲ့သလို မြေပြင်စစ်ကြောင်းတွေလည်း စစ်ကြောင်းပျက် တပ်လန်ခဲ့ရတာဖြစ်ပါတယ်။



















































