Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကအရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေဆဲလို့ IIMM အစီရင်ခံစာ ဖော်ပြ

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ၊မတ်လ ၂၀ ရက်မှာစစ်တပ်ကဗုံးကြဲခဲ့တာကြောင့်ကသာမြို့ရှိ လေးထပ်ဘုန်းကြီးကျောင်းမီလောင်နေစဥ်။ ဓာတ်ပုံ -Indaw Revolution-IR

သြဂုတ် – ၁၂ ၊၂၀၂၆

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာမှာ IIMMက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး IIMMက အဓိက အာရုံအစိုက်ဆုံး အပိုင်းတစ်ခုကတော့ အရပ်သား ပြည်သူတွေအပေါ် ဆက်လက် ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ကြောင်း၊ အဲဒီ တိုက်ခိုက်မှုတွေကို ဘယ်လို အဆင့်ဆင့် အမိန့်ပေး ညွှန်ကြားနေသလဲ ဆိုတာကို စုံစမ်းနေကြောင်း IIMM အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျီယန်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေလည်းပဲ တိုက်ခိုက် ခံနေရကြောင်း၊ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွေကြောင့် ကလေးတွေ ထိခိုက်သေကြေတာတွေလည်း ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ အချက်အလက် စုဆောင်းတာတွေ၊ ဘယ်လို စစ်လက်နက် အမျိုးအစားတွေ အသုံးပြုသလဲ ဆိုတာကို စုံစမ်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အသွင် ပြောင်းလဲသွားခဲ့ပါတယ်။ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက တိုက်ပွဲတွေ ပိုမို အရှိန်ကောင်းလာပြီး အဲဒီနောက်ပိုင်းမှာလည်း ဆက်လက် ပြင်းထန်နေပါတယ်။

IIMMရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ နေအိမ်တွေ၊ ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စစ်ရှောင်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တချို့မှာ ပါဝင်ကျူးလွန်ခဲ့တဲ့ စစ်တပ် အရာရှိတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေး အတည်ပြုထားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

IIMMရဲ့ စစ်ဆေး တွေ့ရှိချက်မှာတော့ စစ်တပ်ဟာ ဒရုန်းတွေ၊ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာလို အပေါ့စား ပျံသန်းရေး ယန္တရားတွေကို ပိုမို အသုံးပြုလာခြင်းကလည်း အရပ်သားတွေဟာ တိုက်ခိုက်မှုကို မှန်းဆနိုင်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့ ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

အခုရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး ဘဝတစ်ခုလုံး ပျက်စီးသွားရတဲ့သူတွေလည်း ရှိခဲ့တယ်လို့ ခွမ်ဂျီယန်က ပြောကြားသွားပါတယ်။ IIMMရဲ့ စုံစမ်းရေး အရာရှိတွေဟာ စစ်တပ်ရဲ့ စစ်ကြောရေး စခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှုနဲ့ လိင်အကြမ်းဖက်မှု ဖြစ်စဉ်တွေ အကြောင်းကိုလည်း စုံစမ်း မှတ်တမ်းတင်နေပါတယ်။

IIMMဟာ စစ်တပ်နဲ့ လက်ဝေခံ အဖွဲ့အစည်းတွေက ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဓိကထား မှတ်တမ်းတင်နေပေမယ့် တော်လှန်ရေး အင်အားစုဖက်က လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကိုပါ စုံစမ်းနေတယ်လို့ ပြောပါတယ်။

အခုတွေ့ရှိချက်တွေ အတွက်တော့ သတင်းရင်းမြစ် ၇၅၀ ကျော်ဆီက ထွက်ဆိုချက်တွေ၊ ဂြိုဟ်တု ဓာတ်ပုံတွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အပါအဝင် အထောက်အထား စုစုပေါင်း ၁၆၀၀ ကျော်ကို ကိုးကားပြီး မှတ်တမ်းတင်ထားတာဖြစ်ကြောင်း IIMMက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ထောက်လှမ်း မှတ်တမ်းတင်ဖို့အတွက် IIMMကို ၂၀၁၈ ခုနှစ်မှာ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းစေခဲ့တာပါ။ IIMMဟာ အမှုတွေကို ကိုယ်တိုင် တရားစွဲဆိုတာမျိုး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ တရားရုံးတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေဆီကို သတင်းအချက်အလက် အထောက်အထားတွေ မျှဝေပေးဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကိုးကား – IIMM

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။