Connect with us

Hi, what are you looking for?

သတင်း

ဂွမြို့နယ်ကို ညအချိန် စစ်တပ် ဗုံးထပ်ကြဲလို့ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦး သေဆုံး

ရှုံးမဲမဲနေတဲ့ စစ်တပ်က နေ့ညမရွေး လေကြောင်းတိုက်ခိုက်နေလို့ လေကြောင်းရန် အချိန်ပြည့်ဂရုစိုက်ကြဖို့ AA ထပ်မံ တိုက်တွန်း

(ကျိန္တလီမြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်၊ခိုင်မြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၃ရက် ညပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

မနေ့ည ၁၁နာရီခွဲ အချိန်မှာ ဂွမြို့နယ် ကျိန္တလီမြို့ပေါ် ရပ်ကွက်တွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို ည ၁၁နာရီခန့်မှာလည်း ဂွမြို့နယ်ကိုင်းခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ကိုင်းခုံရွာတိုက်ခိုက်ခံရမှုအတွင်း အရပ်သားသေဆုံးမှုမရှိပေမယ့် ကျိန္တလီမြို့ပေါ် တိုက်ခိုက်ခံရမှုမှာ အသက် ၇နှစ်နဲ့ ၁၂နှစ် ကလေးနှစ်ဦး အမျိုးသမီး ၄ဦး အပါအဝင် ဒေသခံ ပြည်သူ ၈ဦး အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရတာလို့ AAက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေအိမ် ၅လုံး နဲ့ သုံးဘီးဆိုင်ကယ် ၁စီး ပျက်စီးခဲ့သလို အခြားသော အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ပျက်စီးမှုများ ရှိ၊မရှိ စုံစမ်းနေကြောင်း ဖော်ပြပါတယ်။

“တခါတည်းနဲ့ သေသွားတဲ့သူ ရှစ်ယောက်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတယ်။ အရေအတွက်တွေတော့ မသိရ သေးဘူး။ ဂွမြို့နယ်ကို ပတ်ကြဲသွားတာ မနေ့ညက တညလုံး အိပ်ဖို့တောင် မရဘူး” လို့ ဂွမြို့နယ်မှ လူမှုကူညီရေး လုပ်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက ဗုံးကြဲခဲ့တဲ့ ကိုင်းခုံကျေးရွာကို ဩဂုတ် ၁၂ရက် ညပိုင်းကလည်း လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လည်းအရပ်သားထိခိုက်မှု မရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဟာ ရှုံးမဲမဲနေတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ AAနဲ့ မြေပြင်တိုက်ပွဲတိုင်းမှာ အထိနာနေတာလို့ ဖော်ပြပါတယ်။

အဲဒီလို အထိနာရှုံးမဲမဲနေတဲ့ စစ်တပ်ဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် နေ့ည အချိန်မရွေး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အာရက္ခဒေသ တစ်ခုလုံး လေကြောင်းရန် အချိန်ပြည့် အထူးဂရုစိုက်ကြရန်လည်း AAက ထပ်မံ တိုက်တွန်းပါတယ်။

စစ်တပ်ဟာ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေ ပြန်လည်ရရှိရေးနည်းမျိုးစုံနဲ့ ကြိုးပမ်းလျက်ရှိရာ မကွေး၊ ပဲခူး၊ ဧရာ၀တီ စတဲ့ ရက္ခိုင်ပြည်နယ်နဲ့ အစပ်ဒေသတွေကနေ ထိုးစစ်ဆင်လျက်ရှိရာ AAနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လတ်တလောမှာ ရက္ခိုင်-ဧရာ၀တီအစပ် ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဩဂုတ် ၁၂ရက်က ဧရာ၀တီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲက နေရာ ၅ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ် တပ်လန်သွားကြောင်းနဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိထားကြောင်း AAက အသိပေးထားပါတယ်။

စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေသာမက တိုက်ပွဲမရှိတဲ့ သံတွဲ၊ အမ်း၊ ဂွမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဩဂုတ် ၁၀ရက် က သံတွဲမြို့နယ် ကျောက်ကြီးရွာ ကို စစ်တပ်လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့ကိုလည်း စစ်တပ်က ဩဂုတ် ၁၂ရက်မှာ လေကြောင်းဗုံးကြဲခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အခုလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက် တိုက်ဖြစ်ပေါ်နေရခြင်းဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး အရပ်သားတွေနေထိုင်ရာနေရာတွေကို တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း AAရဲ့ လူသား ချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးရုံး(HDCO) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆက်လက်မြင့်တက်နေတဲ့ အရပ်သားသေဆုံးမှုတွေအပေါ် နိုင် ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီးအာရုံစိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေ ပိုမို အားကောင်းစေဖို့နဲ့ နိုင်ငံတတာလူသားချင်းစာနာထောက်ထားမှုဥပဒေချိုးဖောက်မှုတွေအတွက် အမှန်တကယ် တာဝန်ခံမှုရရှိစေရေး လုပ်ဆောင်ကြဖို့လည်း HDCO က တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက် အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေတာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook