Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။
Metaရဲ့ လုံခြုံရေး အင်ဂျင်နီယာဟောင်း အာတူရို ဘတ်ဂျာက သူဟာ ကုမ္ပဏီ အမှုဆောင်ချုပ် မတ်ခ်ဇူကာဘာ့ဂ်ဆီ ရှင်းလင်းတင်ပြမှုတွေ အပါအဝင် ဒီပြဿနာနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် သတိပေးခဲ့ဖူးကြောင်း ပြောပါတယ်။ ဒါပေမဲ့ Metaဖက်ကတော့ လူမှုကွန်ရက် ထုတ်ကုန်တွေပေါ်မှာ ကလေးသူငယ် လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ရင် ဘာမှမပြောနဲ့၊ မေးခွန်းမထုတ်နဲ့ဆိုတဲ့ မူမျိုးကိုပဲ လက်ကိုင်ပြုခဲ့ကြောင်း သူက စွပ်စွဲခဲ့ပါတယ်။
ကလေးတွေကို စွဲလမ်းစေမယ့် ထုတ်ကုန်တွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးပြီး လူငယ်တွေကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ပြည်နယ် ၂၉ ခုရဲ့ အစိုးရ ရှေ့နေချုပ်တွေက Metaကို တရားစွဲဆိုထားပါတယ်။ ဘတ်ဂျာက အခုသီတင်းပတ် တရားခွင်မှာ သူ့ရဲ့ ထွက်ဆိုချက်တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
Metaဖက်က ပျက်ကွက်မှုတွေထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ အကြံအစည်ရှိသူတွေရဲ့ ပို့စ်တွေကို လူငယ်တွေဆီ ရောက်ရှိအောင် အကြံပြု ဖော်ပြပေးတာမျိုးတွေပါ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီကိစ္စကို Metaပိုင် လူမှုကွန်ရက်တွေဖြစ်တဲ့ Facebookနဲ့ Instagramတို့ရဲ့ အမှုဆောင်တွေဆီ သူက တင်ပြ သတိပေးခဲ့ပေမယ့် ထိရောက်တဲ့ တုံ့ပြန်ကိုင်တွယ်မှုတော့ မရှိခဲ့ဘူးလို့ ဘတ်ဂျာက ပြောပါတယ်။

Public Service Announcement
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးဟာ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း မိဘတွေဆီက ခွင့်ပြုချက် မပါဘဲနဲ့ စုဆောင်းယူထားကြောင်း၊ ဒါဟာ ဖက်ဒရယ်နဲ့ ပြည်နယ်ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်းလည်း ပြည်နယ် ရှေ့နေချုပ်တွေက Metaကို စွပ်စွဲထားပါတယ်။
ဘတ်ဂျာက ဇူကာဘာ့ဂ်ဟာ အရေးကြီးတယ်လို့ သူယူဆတဲ့ ကိစ္စတစ်ခုခုဆိုရင် ဘယ်လောက်ခက်ခက် ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ ကလေးတွေရဲ့ လုံခြုံမှု စံနှုန်းတွေနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်က အလေးမထားခဲ့လို့သာ အခုလို လစ်ဟာမှုတွေ ရှိနေတာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
ဖက်ဒရယ် တရားရုံးက အဖွင့်လျှောက်လဲချက်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ဒုတိယ ရှေ့နေချုပ် မီဂန်အိုနေးလ်က ကလေးတွေရဲ့ လုံခြုံရေးဟာ အားလုံးမှာ တာဝန်ရှိကြောင်း၊ Metaကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို တာဝန်မကျေခဲ့ကြောင်း စွပ်စွဲသွားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ အုက္ကလန်းမြို့က ဖက်ဒရယ် တရားရုံးမှာ ပြုလုပ်တဲ့ ကြားနာမှုတွေနဲ့ ပတ်သက်ပြီး Metaဖက်ကတော့ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။ နောက်ထပ်လာမယ့် ရုံးချိန်းတွေမှာတော့ ဇူကာဘာ့ဂ်အပြင် Instagramရဲ့ အမှုဆောင်ချုပ် အဒမ်မော့ဆရီနဲ့ Metaရဲ့ အမှုဆောင်တွေ၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်စွဲလမ်းမှု ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ထွက်ဆိုချက်တွေ ပေးမယ်လို့ သိရပါတယ်။
ကိုးကား: Guardian


















































