-ခါကာဘို ရေးသားသည်။
အင်တာနက်ရဲ့ နည်းပညာတော်လှန်ပြောင်းလဲမှု (Revolution) တစ်ခုလို့တောင် တင်စားရမယ့် အချိုးအကွေ့သစ်တစ်ခုဟာ တိတ်တဆိတ် အရှိန်ယူလို့ နေပါပြီ။
အင်တာနက်ထဲက အချက်အလက်တွေကို ငေးကြည့် ဖတ်ရှုရုံသက်သက် အဆင့်ကနေ “နောက် ဘာဆက်ဖြစ်မလဲ” ဆိုတဲ့ အနာဂတ် ဖြစ်နိုင်ခြေတွေကို ကိုယ်တိုင်ခန့်မှန်း၊ ဖန်တီးပြီး ပါဝင် မောင်းနှင်ရမယ့် (Prediction Market) ခေတ်သစ်တစ်ခုထဲကို နည်းပညာ ကုမ္ပဏီကြီးတွေ၊ ပလက်ဖောင်းတွေ (Giant Platforms) ခြေစုံပစ် ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲတွေကို မျက်ခြေမပြတ်လိုက်နေတဲ့ မတ်ခ်ဇူကာဘတ်(Mark Zuckerberg) ကတော့ Meta Platforms အနေနဲ့ အနာဂတ် ဖြစ်နိုင်ခြေတွေကို လူတွေက ခန့်မှန်းပြီး ယှဉ်ပြိုင်ကြမယ့် အာရီနာ “Arena” လို့ခေါ်တဲ့ အက်ပ် (app) အသစ်ကို စမ်းသပ်တည်ဆောက်နေပါတယ်။

Public Service Announcement
“Arena” ဟာ Facebook, Instagram, WhatsApp, Messenger တို့နဲ့ လုံးဝသီးခြား app တစ်ခုအနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး Meta က သူ့မှာရှိပြီးသား လူသန်းပေါင်းများစွာ သုံးနေတဲ့ Facebook, Instagram တို့လို social media platform တွေကနေ လူတွေကိုတော့အသစ်ဖန်တီးထားတဲ့ app ထဲကိုဝင်လာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာပါ။
လက်ရှိ လူကြိုက်များနေတဲ့ Polymarket နဲ့ Kalshi တို့နဲ့ ယှဉ်ပြိုင်ရမည့် app တစ်ခု ဖြစ်လာနိုင်ပါတယ်။
Polymarket နဲ့ Kalshi တို့ကတော့ Super Bowl ရလဒ်ကနေ အမေရိကန်သမ္မတမိန့်ခွန်း ဘယ်လောက်ကြာမလဲအထိ အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေကို လူတွေက ခန့်မှန်းပြီး လောင်းကစားသဘောမျိုးနဲ့ ပါဝင်နိုင်ကြတဲ့ Prediction Market တွေဖြစ်ပြီး၊ အင်တာနက်ပေါ်မှာ အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ပလက်ဖောင်းတွေထဲမှာ ပါဝင်နေပါတယ်။
ဇူကာဘတ်ကလည်း ဒီခေတ်ရေစီးကြောင်းကို သတိထားမိပြီး အဲဒီနယ်ပယ်ထဲ Meta ကို ဝင်ရောက်စေချင်တဲ့အတွက် အဖွဲ့ငယ်တစ်ဖွဲ့ကိုတာဝန်ပေးပြီး“Arena”app ကိုစတင် တည်ဆောက်နေတာဘဲ ဖြစ်ပါတယ်။
ဒီ App ထဲမှာတော့ ငွေကြေးနဲ့ လောင်းကစားခြင်းမဟုတ်ဘဲ၊ video game ပုံစံ points system ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အမှန်တကယ် ငွေကြေးအသုံးပြု လောင်းကစားစနစ် ထည့်သွင်းနိုင်ခြေကိုလည်း လုံးဝပိတ်ပင် မထားသေးကြောင်း သိရပါတယ်။
ဒီစီမံကိန်းက အခုအချိန်မှာ စမ်းသပ်အဆင့်ပဲရှိသေးပေမယ့်Metaအတွက်တော့ အရေးကြီးတဲ့ ဦးစားပေးတစ်ခုလို သတ်မှတ်ပြီး လုပ်ဆောင်နေပါတယ်။
အဓိကကတော့ အင်တာနက်ပေါ်မှာ လူတွေ ဘယ်လိုအသစ်အသစ် ပြုမူလာနေကြလဲဆိုတာကို ကြည့်ပြီး အဲဒီအပြောင်းအလဲတွေနဲ့ လိုက်ဖက်တဲ့ app အသစ်တွေ ဖန်တီးချင်တဲ့ ဇူကာဘတ်ရဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုထဲက အစိတ်အပိုင်းတစ်ခုပါ။
လက်ရှိမှာတော့ Meta ရဲ့ app တွေကို နေ့စဉ် လူပေါင်း ၃.၅၆ ဘီလီယံကျော်လောက် သုံးနေကြပြီး အဲဒီပမာဏက အရမ်းကြီးလွန်းတဲ့အတွက် “အခုထက်ပိုပြီး ကြီးထွားဖို့ နေရာကျန်သေးလား၊ ဒါမှမဟုတ် အဆင့်တစ်ခုရောက်ပြီး ရပ်တန့်နေပြီလား”ဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ် နေပါတယ်။
“Arena” ဟာ Meta က စမ်းသပ်နေတဲ့ app အသစ်တွေထဲက တစ်ခုသာဖြစ်ပြီး၊ တစ်ပြိုင်နက်တည်းမှာပဲ “Meta Photos” လို့ခေါ်တဲ့ standalone app တစ်ခုကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။
အဲဒီ “Meta Photos” app ကတော့ AI နည်းပညာကို အသုံးပြုပြီး မီဒီယာပုံစံအသစ်တွေကို ဖန်တီးပေးနိုင်မယ့် appတစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တရားဝင်မှတ်ချက်မပေးသေးပါဘူး။
နှစ်ပေါင်းများစွာအတွင်း ဇူကာဘတ်ဟာ လူတွေ အင်တာနက်ကို ဘယ်လိုသုံးလာကြလဲ၊ သူတို့ရဲ့ ဓလေ့စရိုက်တွေ ဘယ်လိုပြောင်းလာလဲဆိုတာကို အမြဲစောင့်ကြည့်လေ့လာနေခဲ့ပါတယ်။
အဲဒီအပြင် Snap Inc. လိုမျိုးလျင်မြန်စွာ ကြီးထွားလာတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေက ထွက်လာတဲ့ အိုင်ဒီယာအသစ်တွေ၊ app ပုံစံအသစ်တွေကိုလည်း မြန်မြန်ဆန်ဆန် ယူပြီး Meta ရဲ့ app တွေ၊ feature တွေအဖြစ်ပြန်တည်ဆောက်လာတာမျိုးတွေ လုပ်ခဲ့ပါတယ်။
Meta ရဲ့ Social Media တွေကို ကျော်လွန်ပြီး အနာဂတ် ခန့်မှန်းမှုနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ “Arena” ဟာ အမှန်တကယ် အောင်မြင်လာမယ်ဆိုရင်တော့ ဒီအပြောင်းအလဲဟာ အင်တာနက်ရဲ့ နောက်ထပ် Revolution တစ်ခုအဖြစ်တောင် သတ်မှတ်ခံရနိုင်ပါတယ်။
ကိုးကား- The New York Times


















































