ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
စာသင်ခန်းထဲမှာ ၆ နှစ်အရွယ် ကလေးငယ်ကို ဆရာမက ပါးရိုက်လိုက်တဲ့နောက် စက္ကန့်ပိုင်း အကြာမှာပဲ ကလေးက ပျော့ခွေပြီး ဆရာမပေါ် လဲကျသွားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်း ဗီဒီယိုဟာ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။
အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ ပြည်နယ်ထဲက ဗစ်ဆာခါပက်နမ်မြို့မှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်ရဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး လူထုရဲ့ ဒေါသကလည်း ကြီးထွားလာနေပြီး ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေကို တောင်းဆိုနေပါတယ်။
ဩဂုတ် ၂၀ ရက်နေ့က ဖြစ်ရပ်မှာ ကလေးက အိမ်စာတွေ အပြည့်လုပ်မလာလို့ဆိုပြီး ဒဏ်ပေးတဲ့ အနေနဲ့ ဆရာမက ပါးရိုက်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပါးမရိုက်ခင်မှာ ဆရာမက ကလေးကို အင်္ကျီကော်လံကနေ ဆွဲပြီး ကိုင်ထားခဲ့သေးတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement
ကလေးငယ် သေဆုံးမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကိုရော၊ ကျောင်းရဲ့ စီမံခန့်ခွဲရေး အဖွဲ့ကိုပါ ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြည်နယ် အစိုးရရဲ့ ပညာရေးနဲ့ နည်းပညာ ဝန်ကြီး နာရာ လိုကက်ရှ်က Facebookမှာ ဩဂုတ် ၂၀ ရက်နေ့က ရေးသားထားခဲ့ပါတယ်။
ဒေသခံ မီဒီယာတွေက ပရာနေတက်ဂျ်လို့ နာမည်ဖော်ပြထားတဲ့ ကလေးငယ် သေဆုံးမှု အကြောင်းရင်းကို တိတိကျကျ သိရဖို့လည်း ရဲတွေက ဆက်လက် စုံစမ်းနေပါတယ်။ ကိုယ်တိုင်က ဖခင်တစ်ယောက် ဖြစ်တာမို့ ကလေးငယ်ရဲ့ မိဘတွေ ဘယ်လောက် ပူဆွေး သောကရောက်နေမလဲ ဆိုတာကို စာနာနိုင်ကြောင်း၊ ဘယ်ကလေးငယ်မှ စည်းကမ်းကြပ်မတ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အကြမ်းဖက်တာမျိုးကို မခံရသင့်ကြောင်း လိုကက်ရှ်က ဆိုပါတယ်။
ပါးရိုက်ခံရပြီး လဲကျသွားတဲ့ ကလေးငယ်ကို ဆေးရုံတင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကလေးဘာကြောင့် အသက်ဆုံးရှုံးသလဲဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ သေမှုသေခင်း ဆက်လက် စစ်ဆေးနေဆဲပါ။ ကလေးဟာ အလွန်အမင်း ကြောက်ရွံ့မှု၊ စိတ်ဖိစီးမှု၊ တုန်လှုပ်မှုတွေကနေ နှလုံးဖောက်သွားတာလို့ ယူဆရပေမယ့် တရားဝင်တော့ အတည်မပြုထားသေးပါဘူး။
ကလေးကို ပါးရိုက်ပြီး ဒဏ်ပေးခဲ့တဲ့ ဆရာမကိုတော့ ရဲတွေက ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။ အိန္ဒိယ မီဒီယာတွေက ဆရာမရဲ့ နာမည်ကို အနုရာဒလို့ ဖော်ပြထားကြပါတယ်။
ဆေးရုံကို စိုးရိမ်တကြီး လိုက်လာတဲ့ မိသားစုဝင်တွေဟာ ကလေးငယ် သေဆုံးသွားကြောင်း သိရှိချိန်မှာ အရမ်းဒေါသထွက် ပူဆွေးခဲ့ကြသလို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ တောင်းဆိုလာပါတယ်။
ကလေးငယ်ရဲ့ ဖခင်ဆီက တိုင်ကြားချက်ကို လက်ခံရရှိပြီးတဲ့နောက် အမှုဖွင့် စုံစမ်းမှုတွေ စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။ သေမှုသေခင်း စစ်ချက်တွေအပြီး ကလေးရဲ့ အလောင်းကို မိသားစုဆီ ပြန်လည် အပ်နှံထားကြောင်း၊ သေဆုံးမှု အကြောင်းရင်းကို မကြာခင် တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
အိန္ဒိယ စာသင်ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက်အပြစ်ပေးမှုကို တားမြစ်ထားပေမယ့် ကျောင်းအများအပြား၊ အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ မိသားစုက ကလေးတွေ တက်ရောက်တဲ့ ကျောင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ အခုလို အပြစ်ပေးမှုတွေ ရှိနေဆဲလို့ ၂၀၁၈ ခုနှစ်တုန်းက လေ့လာမှု စစ်တမ်းတစ်ခုအရ သိရပါတယ်။
ကိုးကား: Al Jazeera


















































