သြဂုတ် – ၂၅ ၊၂၀၂၆
အရမ်းအထီးကျန်လွန်းတဲ့အခါ ဝန်ကြီးချုပ်အိမ်တော် ရုံးခန်းထဲမှာ တွေ့နေကျ ပိုးဟပ်တစ်ကောင်ကိုတောင် သံယောဇဉ် တွယ်သလို ဖြစ်မိခဲ့ဖူးတယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ဆိုပါတယ်။
နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးကို ရယူထားရတာဟာ တစ်ခါတလေ အထီးကျန်ပြီး အဖော်မဲ့လွန်းတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ ပို့စ်တစ်ခုထဲမှာ တကအိချိက ရေးသားထားခဲ့ပါတယ်။ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဟာ အလုပ်ကို အရမ်း စိတ်နှစ်ပြီး လုပ်တတ်သူ တစ်ယောက်လို့ လူသိများပါတယ်။
အလုပ်မပြီးရင် သူဟာ တစ်ခါတလေမှာ တစ်နေ့ကို ၃ နာရီလောက်ပဲ အိပ်တယ်လို့ တကအိချိက ပြောပြဖူးပါတယ်။

Public Service Announcement
ညနက်သန်းခေါင်တွေ အလုပ်လုပ်တဲ့အခါ သရဲတွေကို မြင်ရတာမျိုး မရှိခဲ့ပေမယ့် ပိုးဟပ်တစ်ကောင်ကိုတော့ တွေ့ဖူးတယ်လို့ သူ့ရဲ့ ပို့စ်ထဲမှာ တကအိချိက ရေးထားခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ် အိမ်တော်ကို ရောက်လာပြီးတဲ့နောက် ရုံးခန်းကို သေချာ သန့်ရှင်းရေး လုပ်စေပြီး တိုက်ချွတ်ဆေးကြောထားစေတဲ့တိုင် ပိုးဟပ်တစ်ကောင်ကို တွေ့ရလို့ အံ့ဩခဲ့မိတယ်လို့ ဆိုပါတယ်။
သူဟာ ငယ်ငယ်က ဖတ်ခဲ့တဲ့ ဂျပန်ကောမစ် စာအုပ်တစ်အုပ်ရဲ့ လွှမ်းမိုးမှုကြောင့် ဘဝသံသရာ ဆိုတာကို ယုံကြည်ကြောင်း၊ ဒါကြောင့် ပိုးဟပ်တွေ အပါအဝင် အင်းဆက်ပိုးမွှားတွေကို သတ်ဖြတ်လေ့ မရှိကြောင်း တကအိချိက ပြောပါတယ်။ အသက် ၆၅ နှစ်အရွယ် တကအိချိဟာ တိုကျိုမြို့လယ်က ဝန်ကြီးချုပ် အိမ်တော်ဆီကို မနှစ်က ဒီဇင်ဘာလမှာ ပြောင်းရွှေ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
တကအိချိဟာ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်လိုပဲ လူထုဆီ လူမှုကွန်ရက်ကနေ တိုက်ရိုက် ဆက်သွယ်လေ့ရှိသူ တစ်ဦးပါ။ ဝန်ကြီးချုပ် အိမ်တော်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့နောက် သူ့ကို ပြည်သူတွေ အများဆုံး မေးကြတဲ့ မေးခွန်းတစ်ခုက အိမ်တော်မှာ သရဲခြောက်သလား ဆိုတာဖြစ်ကြောင်း၊ သူက သရဲတော့ မတွေ့ဖူးပေမယ့် ပိုးဟပ်တစ်ကောင်နဲ့တော့ တွေ့ခဲ့ဖူးကြောင်း တကအိချိက ဩဂုတ် ၂၂ ရက်နေ့တုန်းက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အိမ်တော်နဲ့ ရုံးခန်းကို သေချာသန့်ရှင်းအောင် ပြင်ဆင်ပြီး တိုက်ချွတ်ထားစေလျက်နဲ့ ပိုးဟပ်တစ်ကောင် သူ့ခြေထောက်ပေါ်က ဖြတ်ပြေးသွားတာ မြင်မိတော့ အတော်လေး အံ့ဩမိခဲ့ကြောင်း၊ ပိုးဟပ်က သူ့သဘောနဲ့သူ ထွက်သွားမလားဆိုပြီး စောင့်ကြည့်ခဲ့ပေမယ့် ဆက်ပြီး ရှိနေခဲ့ကြောင်း၊ နောက်တော့ ရုံးဝန်ထမ်းတွေကို ပြောပြလို့ သူတို့က လိုက်ဖမ်းပြီး ဖယ်ရှားပေးခဲ့ကြကြောင်း တကအိချိက ဆိုပါတယ်။
မသန့်ရှင်းတဲ့ ပိုးဟပ်တစ်ကောင် တွေ့ရုံနဲ့ ရုံးခန်းတဝိုက်မှာ ပိုးဟပ်ရှင်းလင်းမှု စစ်ဆင်ရေး တစ်ခုလို အလုပ်လုပ်ခဲ့ကြပြီး နောက်ပိုင်းမှာ ပိုးဟပ်ကိုလည်း ထပ်မတွေ့တော့ကြောင်း၊ အဲဒီအတွက် စိတ်သက်သာမိပေမယ့် တစ်ဖက်မှာလည်း နည်းနည်း အထီးကျန်သလို၊ ဝမ်းနည်းသလိုလည်း ခံစားရကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
တကအိချိက သူဟာ ဝန်ကြီးချုပ်ရုံးကို ရုံးသွားတက်ရတာထက် အိမ်တော်မှာရှိတဲ့ ရုံးခန်းထဲကနေ အလုပ်လုပ်ရတာကို ပိုသဘောကျတယ်လို့ ပြောပါတယ်။ သူက ရုံးကို မသွားတဲ့အခါ ရုံးဝန်ထမ်းတွေအပေါ် ဝန်ထုပ်ဝန်ပိုးလည်း လျော့စေကြောင်း တကအိချိက သူ့ရဲ့ ပို့စ်ထဲမှာ ရေးထားခဲ့ပါတယ်။
တကအိချိဟာ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာတောင် မနားဘဲ ညနက်သန်းခေါင်ထိ အလုပ်လုပ်သူအဖြစ် လူသိများပါတယ်။ ဝန်ကြီးချုပ် ဖြစ်လာကတည်းက တစ်ညကို ၃ နာရီလောက်ပဲ အိပ်ဖြစ်တော့ကြောင်း၊ ရက်အတော်ကြာပြီးမှ ၅ နာရီထိ အိပ်စက်ခွင့် ရခဲ့တဲ့ တစ်ကြိမ်ကြောင့် အတော်လေး ပျော်မိကြောင်း သူက ဇူလိုင်လတုန်းကလည်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။
တကအိချိရဲ့ ခင်ပွန်းဟာလည်း နိုင်ငံရေးသမားဟောင်း တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ လေဖြတ်ဝေဒနာ ခံစားခဲ့ရပါတယ်။ အခုတော့ သူဟာ အိမ်မှာပဲနေပြီး ချက်ပြုတ်ရေး တာဝန် ယူထားပါတယ်။
တကအိချိက သူဟာ လူတွေအများကြီး ဝန်းရံနေတာမျိုးထက် တစ်ဦးတည်း တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ရတာကို ပိုသဘောကျကြောင်း ထုတ်ပြောဖူးပြီး နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်မှာလည်း အဲဒီအကြောင်းကို ထပ်လောင်း ရေးသားထားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ လွှတ်တော် အစည်းအဝေးတွေကို ရှောင်ဖယ်ပြီး အိမ်မှာပဲ အချိန်ကုန်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာ သူက လူမှုကွန်ရက်ပေါ်မှာ အခုလို ရေးသားလာခဲ့တာပါ။ Bloomberg သတင်းဌာနရဲ့ အဆိုအရ တကအိချိဟာ ၂၀၁၂ နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်တွေထဲမှာ အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်မှု အနည်းဆုံးသူ ဖြစ်တယ်လို့ သိရှိရပါတယ်။
ကိုးကား – Telegraph


















































