သြဂုတ် ၂၅၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီကနေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေ ပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးတဲ့ ပြည်သူတွေကို သပိတ်အင်အားစုဝင်တွေက ထောက်ပံ့ကူညီခဲ့ပါတယ်။
မီးဘေးနဲ့ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ရပြီး နလန်မထူနိုင်တော့တဲ့ ပြည်သူတွေအတွက် ခွန်အားဖြစ်စေဖို့ အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ် သပိတ်အင်အားစုက မိုးကာအချပ် ၅၀ ကို မဲဖောက်ကူညီပေးခဲ့ပါတယ်။

Public Service Announcement
အလားတူ ရွှေဘိုမြို့နယ် ကျေးရွာအချို့က ရေဘေးသင့်ပြည်သူတွေကိုလည်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနဲ့ Mobile Medical Team တို့ ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ရိက္ခာခြောက်၊ ဆန်၊ အသင့်စားမုန့်၊ ခေါက်ဆွဲခြောက်၊ ဓာတ်ဆားနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ထောက်ပံ့ကူညီခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု


















































