ဩဂုတ်-၂၉၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။
မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ယင်းတောင်ခြေအနီး ထိုးစစ်ဆင်ဖို့ ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ် ၂၇ ရက် နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ဆယ်ဂဏန်းထက်မနည်းရှိခဲ့တာကြောင့် ဩဂုတ်၂၈ရက် ညပိုင်းမှာ လေကြောင်းပစ်ကူသုံးပြီး မိုးဗြဲမြို့တွင်းကို ပြန်ဆုတ်သွားရတာလို့ အသိပေးပါတယ်။

Public Service Announcement
“၂၇ နဲ့ ၂၈ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စကမထိခိုက်သေဆုံးမှု့နဲ့အထိနာပြီး လေယဉ်ပြစ်ကူဖြင့်ပြန်ဆုတ်သွားတယ်”လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
၂ရက်တာတိုက်ပွဲမှာ စစ်တပ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့တဲ့အပြင် ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေး အခြေစိုက်တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်အတွင်း အလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က မနေ့က ထုတ်ပြန်ထားပါတယ်။
“ပြန်ဆုတ်သွာပြီ လို့ ကြားတယ်။ဒါပေမယ့် အချိန်မရွေး ပြန်ထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် စောင့်ကြည့်နေဆဲ”လို့ ရှမ်း-ကရင်နီပူးပေါင်းတပ် အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခုတစ်ကြိမ်အပါအ၀င် ဇွန်လကစပြီး စစ်တပ်ရဲ့ထိုးစစ်သုံးကြိမ်ရှိခဲ့ပြီး တော်လှန်ရေးတပ်တွေက ခုခံ နေကာ စစ်သုံ့ပန်း ၁ဦးဖမ်းမိပြီး ဒရုန်း ၃စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။


















































