သြဂုတ်-၃၁၊၂၀၂၆။People’s Spring
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ်ဘလွန်းဒီအောစံချိန်တင် ၈ ကြိမ် နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာကျော်ဘောလုံးသမားမက်ဆီကနိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ် ။
အာဂျင်တီးနားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးတဲ့နောက် အချိန်အများကြီးစဉ်းစားခဲ့ပြီးမှ အနားယူဖို့ဆုံးဖြတ်ခဲ့တာလို့ မက်ဆီက သူရဲ့ ဖေစ်ဘွခ် နဲ့ အစ်စတာဂရမ်ကနေအသိပေးပါတယ် ။
“အခုတော့ အာဂျင်တီးနားနိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတာ အားလုံးကို အသိပေးချင်ပါတယ်။ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အရမ်းနာကျင်ရပါတယ်။ အခုထိလည်း ရင်ထဲမှာ နာကျင်နေဆဲပါ။ ဒါပေမယ့် အနားယူရမယ့်အချိန် ရောက်လာပြီဆိုတာကိုတော့ နားလည်ပါတယ်။ကျွန်တော် ဒီဂျာစီအတွက် အမြဲတမ်း အားကုန်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးနှစ်တွေမှာ အောင်မြင်မှုတွေရခဲ့တဲ့အချိန်တွေမှာတင် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဒီဂျာစီကို ဝတ်ဆင်ပြီး အာဂျင်တီးနားသားတွေ ပျော်ရွှင်ဂုဏ်ယူနိုင်အောင် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်”လို့မက်ဆီကရေးသားထားပါတယ် ။

Public Service Announcement
ခရီးတစ်ခုရဲ့ အဆုံးကို ရောက်လာခဲပြီး ဒီအခန်းကို ပိတ်လိုက်ရတဲ့အတွက်အရမ်းနာကျင်ရတယ်လို့လည်းရေးသားထားပါတယ် ။ နိုင်ငံအသင်းနဲ့အတူ ရှိခဲ့ရတာကို အရမ်းချစ်ခဲ့သလို၊ အခုလည်း ချစ်နေဆဲဖြစ်ပြီး နောင်လည်း အမြဲချစ်နေမှာပါလို့လည်းဆိုပါတယ်။
“ကျွန်တော့်မှာ ထပ်ပေးစရာ ဘာမှမကျန်တော့တဲ့အထိ အားကုန်ပေးဆပ်ခဲ့ပြီးပါပြီ။ အခုလည်း ဒီနေရာနဲ့ထိုက်တန်တဲ့ လူငယ်ကစားသမားကောင်းတွေ ပေါ်လာနေပြီဖြစ်လို့ သူတို့အတွက် နေရာပေးရမယ့်အချိန် ရောက်လာပါပြီ” လို့သူကရေးသားထားပါတယ်။
လက်ရွေးစင်ကစားသမားဘဝ နှစ် ၂၀ကျော် အတွင်းချစ်ခင်အားပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။
ပရိတ်သတ်တွေရဲ့အားပေးသံတွေကိုအရမ်းလွမ်းနေမှာဖြစ်သလို အခုကစပြီးတော့ မက်ဆီကိုယ်တိုင်လည်းအပြင်ကနေ အာဂျင်တီးနားအသင်းကို အမြဲအားပေးနေမဲ့ပရိတ်သတ်ဖြစ်တော့မယ်လို့လည်း ရေးထားပါတယ်။အာဂျင်တီးနားကို အကောင်းဆုံးအချိန်တွေမှာရော၊ ခက်ခဲတဲ့အချိန်တွေမှာပါ အမြဲတမ်း အားပေးနေမှာဖြစ်တယ်လို့လည်း ရေးထားပါတယ်။
“ဒီလှပပေမယ့် ခက်ခဲခဲ့တဲ့ခရီးတစ်လျှောက် ကျွန်တော့်အနားမှာ အမြဲရှိပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ ခရီးတစ်လျှောက် ဖြတ်သန်းပေးခဲ့ကြတဲ့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အချိန်ကောင်းတွေကို အမြဲသိမ်းထားမှာပါ”လို့ မိသားစုတွေကိုအသိအမှတ်ပြုရေးထားပါတယ် ။
ဒါအပြင် အသင်းဖော်တွေအတွက်ကိုလည်း
“အသင်းဖော်တွေနဲ့အတူ မင်းတို့အတွက် အိပ်မက်လိုဖြစ်ခဲ့တဲ့ အချိန်တွေကို ဖန်တီးပေးနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ မင်းတို့နဲ့အတူ ဒီအရာအားလုံးကို ဖြတ်သန်းခွင့်ရခဲ့တာ တကယ်ကို မယုံနိုင်လောက်အောင် အံ့သြစရာကောင်းခဲ့ပါတယ်။အားလုံးကို ချစ်ပါတယ်”လို့ရေးထားပါတယ်။
အာဂျင်တီးနားသားတစ်ယောက်အဖြစ် မွေးဖွားခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါသိလို အာဂျင်တီးနား အမြဲတမ်းအောင်မြင်ပါစေလို့စာကိုအဆုံးသတ်ထားပါတယ် ။
မက်ဆီဟာဒီစာကိုဗိုလ်လုပွဲပြီး နှစ်ရက်အကြာ၊ ဇူလိုင် ၂၁ ရက်နေ့မှာကတည်းကသူကိုယ်တိုင် ရေးထားတာပါ။ မက်ဆီရဲ့ဖခင်ဟာ သြဂုတ် ၇ ရက်မှာကွယ်လွန်ခဲ့ပြီး ဖခင်မရှိတော့တဲ့နောက် လက်ရွေးစင်အသင်းကနေ အနားယူမယ့်ဆုံးဖြတ်ချက်ဟာအရင်ကထက် ပိုပြီးခိုင်မာလာတယ်လို့ အသိပေးပါတယ်။
မက်ဆီဟာအာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားပြီး ၁၂၅ ဂိုးသွင်းယူပေးထားပါတယ် ။ မက်ဆီဟာဘလွန်ဒီအောဆု အများဆုံး ၊FIFA ရဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအများဆုံး ၊ ချန်ပီယံဆုဖလား စုစုပေါင်း ၄၇ ခု စတဲ့ စံချိန်မှတ်တမ်းများစွာစိုက်ထူထားတဲ့ ဂန္တဝင် ကစားသမားဖြစ်ပါတယ်။
မက်ဆီဟာလက်ရှိ အမေရီကန်က မေဂျာလိဂ် ကလပ်အင်တာမိုင်ယာမီမှာ ဆက်ကစားနေပြီး ကလပ်အသင်းမှာတော့ဆက်ကစားဦးမှာဖြစ်ပါတယ်။မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုးစုစုပေါင်း ၉၂၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၄၂၁ ကြိမ်ပြုလုပ်ထားကာ ဘောလုံးသမိုင်းတလျှောက်ဂိုးရဖို့ ပါဝင်ပတ်သက်မှု ၁၃၈၄ ဂိုး နဲ့အများဆုံးစံချိန်ရှင်ဖြစ်ပါတယ် ။
ဓါတ်ပုံ-Getty ,Sports illustrated ,leo messi’s FB


















































