Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပေါက်တောကို ဗုံးပတ်ကြဲ၊ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပေါက်တောမြို့နယ်မှာ ဗုံးကြဲခံရပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ — APM)

အောက်တိုဘာ ၂၁၊ ၂၀၂၆။ ခိုင်မြတ် / People’s Spring

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ည ၉ နာရီကျော်အချိန်မှာ Y-12 လေယာဉ်တစ်စီးနဲ့ ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ် ပြားသကြွယ်ရွာတို့ကို ဗုံးအလုံး ဆယ်ချီ ကြဲချခဲ့တာဖြစ်ပါတယ်။

“မနေ့ကြဲတာ ၂ ယောက် သေတယ်။ ၅ ယောက်လောက် ဒဏ်ရာရပါတယ်။ အခုလည်း ပေါက်တောကို ဗုံးကြဲနေတယ်။ အထိအခိုက်က မသိရသေးဘူး။ ကျွန်တော်တို့လည်း ပုန်းနေရတာ” လို့ ပေါက်တောမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ပေါက်တောမြို့ပေါ်၊ ပြားသကြွယ်ရွာနဲ့ ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ ကြိမ်ခွေမော်၊ မနော်သီရီ၊ လက်ပံပြားတို့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းတို့ကို ဗုံးကြဲနေခဲ့ပြီး ဗုံးအလုံးပေါင်း ၂၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ပြားသကြွယ်ရွာမှ အသက် ၄၁ နှစ်အရွယ် ဦးနေဝင်း၊ ၃၆ နှစ်အရွယ် ဒေါ်ခင်ဦးတို့ သေဆုံးပြီး အသက် ၄၀ အရွယ် ဦးမောင်ဆန်းယုနဲ့ ၃၄ နှစ်အရွယ် ဒေါ်ခင်ယိုင်နုတို့ ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် ပေါက်တောမြို့ပေါ်မှ လူမှုကူညီရေးလုပ်သားတစ်ဦးအပါအဝင် နောက်ထပ် ဒေသခံသုံးဦးဟာလည်း ဒဏ်ရာရခဲ့ပါတယ်။ သူတို့ရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။ စစ်တပ် ဗုံးကြဲခဲ့တဲ့ ပြားသကြွယ်ရွာဟာ ကျွဲကူးမြစ်ကမ်းဘေးမှာ တည်ရှိပြီး တိုက်ပွဲဖြစ်နေတဲ့ ငပြီကျွန်းနဲ့ အလှမ်းဝေးတဲ့ အရပ်သားလူနေကျေးရွာ တစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ငပြီကျွန်းနဲ့ စစ်တွေတိုက်ပွဲအတွင်း အထိနာနေတာကြောင့် ပေါက်တောမြို့နယ်အတွင်းက လူနေကျေးရွာတွေကို နေ့စဉ်ရက်ဆက် လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ဆင်အိုင်ရွာကို ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အပါအဝင် ၉ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

“ဗုံးအလုံး ၁၀၀ ကျော်၊ ၂၀၀ ကတော့ နေ့တိုင်း ကြဲနေတာ၊ ပုံမှန်လိုဖြစ်နေပြီ” လို့ ပေါက်တောဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်လည်ရှိ ရေချမ်းပြင်၊ အမြင့်ကျွန်း၊ နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံ ရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို ရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုးစားနေပြီး AA က ခုခံတိုက်ခိုက်တာကြောင့် အထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့ စစ်သားတွေလည်း သေဆုံးသူ၊ လက်နက်ချသူ များတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလို တိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သား လူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို စက်တင်ဘာ ၄ ရက်ကစပြီး တန်ပြန်ထိုးစစ် ဆင်နေခဲ့တာဟာ တစ်လခွဲကျော် ရှိပြီဖြစ်ပါတယ်။ တန်ပြန်ထိုးစစ်ဟာ စစ်ဦးကျိုးပြီး အထိနာနေချိန်မှာ စစ်တပ်က မြို့ရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဈေးတွေ၊ ဆေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံပါ မရှောင်ဆက် ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ ၂၁ ရက်နေ့ထိ စစ်တပ်လက်ချက်ကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၉၆ ဦး သေဆုံးခဲ့ပြီး ၁၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။