စက်တင်ဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်မြို့နယ်ကြားက ရေကြောင်းတိုက်ပွဲမှာ အလံဖြူထောင်လက်နက်ချတဲ့ စစ်တပ်သင်္ဘောပေါ်က စစ်သုံ့ပန်းတွေဟာ စစ်တပ်လေကြောင်းဗုံးကြဲ လာနိုင်တဲ့အပေါ် စိုးရိမ်ထိတ်လန့်နေတာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်က အားပေးကယ်ဆယ်ခဲ့ကြပါတယ်။
ဗုံးသံ၊ ပစ်ခတ်သံတွေကြားမှာ စစ်သုံ့ပန်း များစွာကို ကယ်ထုတ်နေတဲ့ ရုပ်သံမှာ ကချင်ပူးပေါင်းတပ်မှ ရဲဘော်တွေက စစ်သုံ့ပန်းတွေကို နေရာရွှေ့ရင်း အားပေးစကားတွေ ပြောကြားနေတာ တွေ့ရပါတယ်။
အသက်သေရမှာ နှမြောလားလို့ တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်က မေးမြန်းရာ နှမြောတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြန်ဖြေခဲ့ရာ ကယ်ထုတ်ပေးမယ်လို့ အားပေးတာကို ကြားရပါတယ်။

Public Service Announcement
တော်လှန်ရေးရဲဘော်တွေဟာ စစ်တပ်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူးလို့လည်း တော်လှန်ရေးရဲဘော်က အသိပေးပါတယ်။
“ရဲဘော်တို့ ဟိုဘက်နည်းနည်းရွှေ့လိုက်၊ ဒီမနက်ဒီမှာ လေယာဉ်ချထားတယ်နော်” လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
ပစ်ခတ်သံတွေ ကြားမှာ ကယ်ထုတ်နေတာ ဖြစ်ပြီး “ဖြေးဖြေးပဲ ငါ့အကိုတို့ အေးဆေးပဲ” ၊ “ဘာမှ မဖြစ်ဘူးနော်” လို့ အားပေးစကားသံကိုလည်း ကြားရပါတယ်။
အဲဒီ မြင်ကွင်းရုပ်သံနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းတွေ ဖော်ပြနေသူတဦးက “ဒါက ရုပ်ရှင် ရိုက်ကွင်း တစ်ခု မဟုတ်ပါ။ တကယ်ကို သေရေး ရှင်ရေး ဖြစ်ပျက်နေတဲ့ အနေအထားမှာပါ” လို့ ရေးသားထားထားပြီး KIA နေရာမှာ စစ်ကောင်စီတပ်ဖွဲ့သာဆိုပါက သုံ့ပန်းတွေအတွက် မတွေးရဲစရာလို့ အသိပေးထားပါတယ်။
“လူစိတ်ရှိတဲ့ KIA အရာရှိငယ်က သူ့အထက်ကအရာရှိကိုပြောနေတယ် သူတို့ကို လုံခြုံတဲ့နေရာကိုရွေ့ပေးရအောင် မဟုတ်ရင် လေယာဥ် လာ ဗုံးကျဲရင် သူတို့အကုန်သေကုန်လိမ့်မယ်ဆိုပြီး ကချင်ဘာသာစကား နဲ့ ပြောနေတာကိုကြားနေရတယ်။ အရာရှိကလည်းရွေ့ခွင့်ပေးလိုက်တာကို တွေ့ရမှာပါ။ ခင်ဗျားတို့ ပြောပြော နေတဲ့ သူပုန် တွေမှာ လူသားဆန်တဲ့ စိတ် ၊ ကိုယ်ချင်းစာတရား စသဖြင့် လူကို လူလို ဆက်ဆံနေတာ ခင်ဗျားတို့ တွေ့ရမှာပါ” လို့ ကချင်သတင်းရင်းမြစ်က ရုပ်သံပါ ကချင်စကား ပြောဆိုချက်ကို ဘာသာပြန်ရေးပြထားပါတယ်။
စစ်သင်္ဘောအုပ်စုက လက်ကျန် သင်္ဘော ၇စီးဟာ စက်တင်ဘာ ၂ရက်ညပိုင်းမှာ ကချင်ပြည်နယ် ဗန်းမော်မြို့အနီး ရေနီဒေသမှာ ကမ်းကပ်ရပ်နား ထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်နဲ့ နီးပါပြီ။ မိုးချုပ်လို့ ကပ်တာ။ မနက်ဖြန် ဆက်ပြီးသွားရမှာပေါ့” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်သင်္ဘော ၁၅ စီးပါ သင်္ဘောအုပ်စုဟာ ကချင်ပြည်နယ်ဝင်အလာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှု ခံရပြီး ဩဂုတ် ၂၇ရက်မှာ သင်္ဘော ၁စီး၊ ဩဂုတ် ၂၉ရက်မှာ သင်္ဘော ၁စီး၊ စက်တင်ဘာ ၂ရက်မှာ သင်္ဘော ၄ စီး စုစုပေါင်း သင်္ဘော ၆စီးထက်မနည်း လုံး၀သုံးမရအောင်ပျက်စီးကာ သင်္ဘော ၂စီးဟာ အလံဖြူထောင်အလင်းဝင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။


















































