ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ ကမ်းကပ်ရပ်နားထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnရဲ့ ကိုယ်ထည်အနှံ့ သံချေးတွေ အများအပြား တက်နေတာကို တွေ့ခဲ့ရပါတယ်။
ပင်လယ်ပြင်မှာ ၂၈၆ ရက်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့နောက် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဟာ အခုသီတင်းပတ်မှာ ပတ္တယားကို ရောက်လာပြီး ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို ကမ်းပေါ်တက်ပြီး ၅ ရက်ကြာ အပန်းဖြေ အနားယူခွင့် ပြုခဲ့ပါတယ်။
Lincolnဟာ မနှစ်က နိုဝင်ဘာလတုန်းက အမေရိကန်ကနေ ထွက်ခွာလာတဲ့နောက် တောင်တရုတ်ပင်လယ်ပြင်မှာ ဖြန့်ကျက်ခဲ့သလို လွန်ခဲ့တဲ့ ၆ လကျော်တုန်းကလည်း အရှေ့အလယ်ပိုင်းဒေသ ရေပြင်ဆီ သွားရောက်ပြီး အီရန်စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ အချိန်အကြာကြီး လှည့်လည် မောင်းနှင်နေတဲ့ ရေယာဉ်ကြီးမှာ သံချေးတွေ ကပ်ငြိလာတာ မဆန်းဘူးလို့ အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောတွေကို ကိုယ်တိုင် ကြီးမှူးခဲ့ဖူးသူ ရေယာဉ်မှူးဟောင်း ကားလ်ရှူစတာက ဆိုပါတယ်။
ပင်လယ်ပြင်မှာ ၂ လလောက် ရှိနေပြီးရင်တောင် သင်္ဘောတွေရဲ့ ကိုယ်ထည်မှာ သံချေး စတက်လာလေ့ရှိကြောင်း သူက ရှင်းပြပါတယ်။ ပြီးတော့ သံချေး ပြဿနာ ဆိုတာက ပင်လယ်ပြင်မှာ ရှိနေချိန် အတောအတွင်း၊ အထူးသဖြင့် စစ်ဆင်ရေး ကာလမျိုးမှာ ရှင်းလို့ရတဲ့ ကိစ္စလည်း မဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။

Public Service Announcement
Lincolnရဲ့ လက်ရှိ အခြေအနေကို မြင်ရသလောက်တော့ ကိုယ်ထည်က သံချေးတွေအားလုံး ရှင်းဖို့ တစ်လလောက် အချိန်ယူရနိုင်ကြောင်း ရှူစတာက မှတ်ချက်ပေးသွားပါတယ်။ ထိုင်းမှာ ကမ်းကပ်ထားတဲ့ အတောအတွင်းမှာတော့ အဓိက အရေးကြီးတဲ့ အပိုင်းတွေက သံချေးတွေကို အရင်ဆုံး ဖယ်ရှားဖို့ အမေရိကန် ရေတပ်က စီစဉ်ထားပါတယ်။
Lincolnဟာ လမ်ချာဘန် ဆိပ်ကမ်းမှာ ကမ်းကပ် ရပ်နားထားပြီး အဲဒီ ခရီးစဉ်ဟာ စစ်ဆင်ရေး၊ လေ့ကျင့်မှုတွေအတွက် လုံးဝ မဟုတ်ဘဲ တပ်ဖွဲ့ဝင်တွေ စိတ်လက် အနားရစေဖို့သာ ဖြစ်တယ်လို့ ကြိုတင် ကြေညာထားပါတယ်။
စုစုပေါင်း ကမ်းကပ်ထားမယ့်ရက်က ၇ ရက် ကြာမှာဖြစ်ပြီး အဲဒီ အတောအတွင်း လက်ပူတိုက်တဲ့သဘော ဦးစားပေး ပြင်ဆင်ရမှာတွေတော့ ရှိတယ်လို့ ရှူစတာက ရှင်းပြပပါတယ်။ အထူးသဖြင့် ဦးပိုင်းနဲ့ ပဲ့ပိုင်းက သံချေးတွေကိုတော့ ရသလောက် ကနဦး ရှင်းသွားရလိမ့်မယ်လို့ သူက ပြောပါတယ်။ ကိုယ်ထည် အပေါ့ပိုင်းက သံချေးတချို့ကိုတော့ သင်္ဘော ခုတ်မောင်းနေရင်း ဖယ်ရှားသွားလို့ ရနိုင်ဖွယ် ရှိပါတယ်။
သံချေးပြဿနာကြောင့် Lincolnရဲ့ စစ်ဆင်ရေး စွမ်းရည်ကို ထိခိုက်နိုင်စရာ မရှိပေမယ့် ကြာကြာ မျက်ကွယ် ပြုထားလို့ ကောင်းတဲ့ကိစ္စလည်း မဟုတ်ဘူးလို့ ရှူစတာက သတိပေးခဲ့ပါတယ်။ သံချေးဆိုတာ ကူးစက်ရောဂါနဲ့ တူပြီး စောစော ထိန်းချုပ် ရှင်းလင်းနိုင်လေ၊ ကိုင်တွယ်ရ လွယ်ကူလေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Linclonဟာ စားနပ်ရိက္ခာ သိုလှောင်ထားမှု လျော့နည်းလာတာ၊ အိမ်သာတွေ ပျက်နေတာမျိုး ပြဿနာတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပြီး ထိုင်းမှာ ရှိနေစဉ် အတောအတွင်း အဲဒီအပိုင်းတွေကိုလည်း လိုအပ်သလို ပြင်ဆင်တာ၊ ဖြည့်တင်းတာတွေ လုပ်သွားမယ်လို့ သိရပါတယ်။
ကိုးကား: CNN


















































