စက်တင်ဘာ-၈၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက် လာတာလို့ သိရပါတယ်။
အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။
“ဗုံးက ၁၂၀မမ တပ်ပြီးချတာ ဆိုတော့ အားပြင်းတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေမှာ တော်တော်ပြင်းထန်ဒဏ်ရာတွေပါတယ်။ ခြေ၊လက်ထိလိုက်မိတာတွေပေါ့။ အဓိက,က ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်များတော့ အဲဒီမှာ ဒဏ်ရာရ တွေပါ များကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိလည်း မြို့သာ-ငါန်းဇွန်လမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင် နေအိမ်တွေက ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ သိရပါတယ်။

















































