စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
သံတွဲမြို့ကို စစ်တပ်က စက်တင်ဘာ ၇ရက် မနက်မှာ ဗုံးကြဲခဲ့လို့ သံတွဲမြို့ အမှတ်(၈)ရပ်ကွက်က အဖွားအို နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို အမျိုးသမီး ၂ဦး အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

Public Service Announcement
စစ်တပ်ဟာ ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၇ရက် နေ့လည်ပိုင်းမှာ သံတွဲမြို့နယ် ကျောက်ကြီးရွာနဲ့ စပါးကြီးရွာကို စစ်တပ်က ထပ်မံ ဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မှု မရှိပေမဲ့ နေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။
စက်တင်ဘာ ၇ရက်ကလည်း စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြိုနယ်၊ ဖက်ကျကျေးရွားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ် ၄လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ သံတွဲ၊ ဂွမြို့နယ်တွေအပါအဝင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်တာတွေ ဆက်တိုက်အပြင်းအထန်ပြုလုပ်ခဲ့တာပါ။ အဲဒီလို လုပ်ဆောင်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။
စစ်တပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ နေ့စဉ် အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန် ပိုသတိရှိဖို့ AAက ထပ်ခါ ထပ်ခါ နှိုးဆော်ထားပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်း ကျေးရွာအချို့ ဗုံးကြဲခံရမှုမှာ နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့ပေမဲ့ အရပ်သားထိခိုက်မှု လျော့နည်းလာတာတွေ့ရပါတယ်။

















































