စက်တင်ဘာ-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်တွေမြို့၊အထက(၄)စာသင်ကျောင်းဝင်းအတွင်းရှိ ခရေပင်အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်ပြီးကျောင်းပြတင်းပေါက်မှန်အချို့ထိခိုက်ပျက်စီးခဲ့ပေမယ့်လူအထိအခိုက်တော့မရှိဘူးလို့ဆိုပါတယ်။
“ကျောင်းရှေ့မှာတွင်းဖြစ်ကျန်ခဲ့တယ်။လူ တွေတော့ဘာမှမဖြစ်ဘူး။ကလေးတွေကိုတော့ကျောင်းလွှတ်လိုက်ပြီ”လို့စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်အနောက်စံပြရပ်ကွက်ဘက်ကိုလည်းလက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးအရပ်သားထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
“အနောက်စံပြဘက်မှာတလုံးကျတယ်။ဘယ်နားကျလဲတော့မသိသေးဘူး”လို့ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည်တွေဟာ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဖြစ်တယ်ဆိုတာကိုတော့မသိရပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ပင်လယ်၀ရှိစစ်သင်္ဘောတွေကနေပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“လက်နက်ကြီးတွေ မြို့ပတ်ပတ်လည်ကပစ်နေတာတော့ဘယ်ဘက်ကလာလဲသတိမထားမိဘူး။ အမှတ် ၁၂ ရဲ တပ်ရင်းကရော၊ ဒကစထဲကရော၊ရေတပ်ကရောပဲဆိုတော့လေ။ဖြစ်နိုင်တာကတော့ Navy(ရေတပ်သဘော်)ကပစ်တာဖြစ်နိုင်တယ်။ပွိုင့်နားမှာရပ်ထားတဲ့ Navyကမနက်ကတည်းက လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာပါ”လို့ စစ်တွေမြို့ ရွှေပြားရပ်ကွက်မှာနေထိုင်တဲ့နောက်ထပ်မြို့ခံတဦးကပြောပါတယ်။
လက်ရှိမှာစစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်မှာစစ်တပ်နဲ့ အာရက္ခ တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေကာမြို့ပေါ်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်တပ်ဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ၂၉ ရက်နေ့ကလည်းစစ်တွေမြို့၊ကိုးရီးယားဆိပ်ကမ်းရှိ မြို့မစျေး ကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါ သေးတယ်။

















































